September 22, 2024

◾ ရွေးကောက်ပွဲကျင်းပရန်နှင့် စစ်မှုထမ်းဆင့်ခေါ်ရန် ကိစ္စရပ်များလုပ်ဆောင်ပါက ရပ်ကျေးဥက္ကဋ္ဌများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများအပြင် ကျောင်းအုပ်များ ဆရာ/ ဆရာမများကိုပါ သတ်ဖြတ်မည်ဟု ခြိမ်းခြောက်

၂၂. ၉. ၂၀၂၄
Written by Nay Moe

သထုံခရိုင်တရားရုံးအုပ်ဇနီးမောင်နှံကို ရဲသတင်းပေးဟုစွပ်စွဲကာ ပြည်သူ့ဖက်တော်သားအမည်ခံ PDF အဖွဲ့က ယမန်နေ့နံနက်ပိုင်းတွင် သတ်ဖြတ်လိုက်သည်ဟု ဝန်ခံထားသည်။

ဖြစ်စဥ်မှာ ယမန်နေ့ စက်တင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီ ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့၊ ဂေါ့ရွာကြီးပိုင်းနေ သထုံခရိုင်တရားရုံးအုပ်ဒေါ်သင်းသင်းမြတ်နှင့် ခင်ပွန်းဖြစ်သူ ဦးကျော်ဟိန်းတို့ကို ရဲသတင်းပေးဟုဆိုကာ ပြည်သူ့ဖက်တော်သားအမည်ခံ PDF အဖွဲ့က နေအိမ်အထိ သွားရောက်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ဦးကျော်ဟိန်းနှင့် ဇနီး ဒေါ်သင်းသင်းမြတ် တို့သည် ကျေးရွာနေ ပြည်သူများကို ခြိမ်းခြောက်ငွေညှစ်ခြင်း၊ တပ်ကို မမှန်မကန် သတင်းများပေးပို့ပြီး ဖမ်းဆီးခိုင်းခြင်း အစရှိသည့် ပြစ်မှုများစွာကို ကျူးလွန်ခဲ့၍ အကြိမ်ကြိမ် သတိပေးသော်လည်း မလိုက်နာသဖြင့် သတ်ဖြတ်သည်ဟုလည်း ပြည်သူ့ဖက်တော်သား UG အဖွဲ့က သတ်ဖြတ်မှုအပေါ် ဆင်ခြေပေးထားသော်လည်း အထက်ပါစွပ်စွဲချက်များမှန်ကန်မှုရှိမရှိ MT News က အတည်မပြုနိုင်ချေ။

အဆိုပါ ပြည်သူ့ဖက်တော်သား UG PDF အဖွဲ့သည် ပြီးခဲ့သည့် မေလ‌ ၃၀ ရက်နေ့ကလည်း သထုံမြို့နယ်၊ တောင်စွန်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးခင်လေးဇော်ကို သတ်ဖြတ်ထားသည့် အဖွဲ့ဖြစ်သည်။

ထိုအဖွဲ့သည် မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ရပ်ကျေး ဥက္က ဋ္ဌများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ကျောင်းအုပ်များ ဆရာ/ ဆရာမများကိုလည်း ရွေးကောက်ပွဲကျင်းပရန်နှင့် စစ်မှုထမ်းဆင့်ခေါ်ရန် ကိစ္စရပ်များလုပ်ဆောင်ပါက ရှင်းလင်းသတ်ဖြတ်မည်ဟုလည်း စက်တင်ဘာ ၂၁ ရက်တွင်ပင် ခြိမ်းခြောက်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *