September 21, 2024

၂၁. ၉. ၂၀၂၄
Written by Nay Moe

မန္တလေးမြို့ကနေ ငါးမိုင်ခန့်သာဝေးတဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းက မန္တလေး PDF တွေနဲ့ မတ္တရာ PDF တွေ ခိုလှုံစခန်းချရာ သုံးဆယ်ပေးကျေးရွာကို လုံခြုံရေးတပ်ဖွဲ့က စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတာကြောင့် ဒီနေ့ စက်တင်ဘာ၂၁ ရက် မနက်အရုဏ်တက်ချိန်ကတည်းက တိုက်ပွဲဖြစ်ပွားနေသလို လက်ရှိအချိန်ထိလည်း ပစ်ခတ်နေဆဲဖြစ်တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

ဒီမနက် ၄ နာရီခန့်မှာ လုံခြုံရေးတပ်ဖွဲ့ဟာ သုံးဆယ်ပေးကျေးရွာကို စစ်ကြောင်းထိုးခဲ့ချိန်မှာ ရွာအနီးက PDF တွေက အင်အားအများအပြားနဲ့ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်တာကြောင့် လေကြောင်းပစ်ကူပေးခဲ့သလို အနီးဝန်းကျင်က လုံခြုံရေးတပ်စခန်းတွေကလည်း ပစ်ကူပေးရှင်းလင်းနေတယ်လို့ သိရပါတယ်။

သုံးဆယ်ပေးရွာမှာ အရင်ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား ၅၀ လောက်နဲ့ စခန်းချထားချိန် ၂၀၂၃ နိုဝင်ဘာ ၁၉ ရက်မှာ ပြင်ဦးလွင်ခရိုင် ပကဖ ၊ ပုသိမ်ကြီး ပကဖ၊ မတ္တရာ ပကဖ၊ Thunderbird(LDF), BRA, GZP, ကောင်းကင်တော်လှန်ရေးအင်အားစု စတဲ့ PDF တွေ အင်အားအများအပြားနဲ့ တိုက်ခိုက်လို့ လုံခြုံရေးတပ်ဖွဲ့က ဆုတ်ခွာခဲ့ရအပြီး PDF တွေ ခြေကုပ်ယူထားသလို လက်ရှိမှာလည်း မန္တလေး PDF တွေက တရုတ်ကိုးကန့် MNDAA အမိန့်အရ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) မှာ ရှမ်း-မန်းစစ်ဆင်ရေးနဲ့ မတ္တရာကို သိမ်းနိုင်ဖို့ပါ လုပ်ဆောင်နေကာ တပ်စခန်း (၃၀) လောက်သိမ်းထားပြီလို့ သတင်းထုတ်ပြန်ထားတာကြောင့် သုံးဆယ်ပေးရွာကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မတ္တရာမြိုနယ် သုံးဆယ်ပေးကျေးရွာမှာ အခြေပြုထားတဲ့ မန္တလေးနဲ့ မတ္တရာ PDF တွေက တကောင်းမြို့၊ ထီးချိုင့်မြို့တွေကနေလာတဲ့ သစ်ခိုးခုတ်တဲ့ သစ်ဖောင်တွေကို သုံးဆယ်ပေးရွာ ကပ်ခိုင်းပြီးဖောင်ကြီး တစ်ဖောင် သိန်း ၁၀၀၊ ဖောင်သေးတစ်ဖောင် သိန်း ၂၀ ကျပ် ကောက်ခံပြီး လက်နက် ဝယ်ယူဖြည့်တင်းနေတဲ့အပြင် မတ္တရာ အနောက်ခြမ်း မြစ်ဘေးတစ်လျှောက် ကျေးရွာတွေကနေ တစ်ရွာကို ၅ ဦးကနေ ၁၀ ဦးကြား လူ စုဆောင်းပြီး ဒေါင်းကျွန်းကျေးရွာမှာ စစ်သင်တန်းပေးနေတယ်လို့ သတင်းတွေလည်းထွက်ခဲ့တာကြောင့် နယ်မြေရှင်းလင်းနေတာလို့ သိရသလို လက်ရှိမှာ သုံးဆယ်ပေးရွာမီးလောင်နေပြီး အနီးဝန်းကျင်က ရွာတွေလည်း စစ်ရှောင်နေရတယ်လို့ TVWM က ဖော်ပြထားပါတယ်။ ဒါ့အပြင် VoMDY ကလည်း သုံးဆယ်ပေးရွာစစ်ကြောင်းထိုးခံရမှုမှာ ငါးဦးသေဆုံးသလို ၄ ဦး ဒဏ်ရာရတယ်ဖော်ပြထားတာ တွေ့ရပြီး ဒီည ၁၀ နာရီ ၅၀ မိနစ်ကစလို့လည်း မတ္တရာမြို့ဘက်က PDF တွေရှိရာကို ပစ်ခတ်နေတဲ့အကြောင်းဖော်ပြထားပေမဲ့ အသေးစိတ်ဖြစ်စဥ်တွေတော့ သိရှိရမှု မရှိသေးသလို နှစ်ဖက်စလုံးကလည်း သတင်းထုတ်ပြန်လာမှု မရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *