September 21, 2024

◾ ရေဘေးအတွက် ပြည်သူများက ၃၊ ၄ ဘီလျံသာလှူမည်ဟု ထင်မှတ်ရာမှ ကျပ် ၃၂ ဘီလျံကျော်လှူဒါန်း၍ ကျေးဇူးတင်ကြောင်း SAC ဥက္ကဋ္ဌ ပြောကြား

◾ ရေဘေးပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်က ကျပ်ဘီလျံ ၃၀ သုံးစွဲရန် လျာထားပြီး ယနေ့ရရှိသည့် ရေဘေးလှူဒါန်းငွေ ကျပ် ၃၂ ဘီလျံကျော်ကိုပါ သုံးစွဲမည်

◾ ယနေ့နံနက်အထိ စာရင်းများအရ ရေဘေးကြောင့် သေဆုံးသူ ၃၈၄ ဦးအထိ မြင့်တက်လာသည့်အပြင် ၈၉ ဦးပါ ပျောက်ဆုံးနေ

၂၁. ၉. ၂၀၂၄
Written by Tha Doe

မြန်မာနိုင်ငံအတွင်း ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အလှူငွေများ လက်ခံပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

◾ အလှူငွေများအသီးသီး ပေးအပ်လှူဒါန်း

ထို့နောက် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဝန်ကြီးဌာနများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ဆက်လက်ပြီး စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ဆက်လက်ပေးအပ်လှူဒါန်းကြရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်ချုပ်ကြီး ညိုစော၊ ဦးဝဏ္ဏမောင်လွင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က အသီးသီးလက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

◾ သဘာဝဘေးဖြစ်ပေါ်ခဲ့မှုအခြေအနေများနှင့် လှူဒါန်းမှုများအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြား

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အလှူငွေများ ပေးအပ်လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် စိတ်စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းကြသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအပေါင်းကို မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း၊ ယခုဖြစ်ပေါ်ခဲ့သည့်မုန်တိုင်းသည် အလွန်အင်အားပြင်းထန်သည့် မုန်တိုင်းတစ်ခုဖြစ်ပြီး ထိခိုက်ပျက်စီးမှုများသည်လည်း အလွန်များပြားခဲ့ကြောင်း၊ မုန်တိုင်း ဟိုင်နန်ကျွန်းသို့ ဖြတ်ကျော်ချိန်တွင် ပြင်းထန်မှုရှိသည်ကို နိုင်ငံတကာမှ ထုတ်ပြန်သည့်သတင်းများအရ သိရှိခဲ့ကြောင်း၊ အတွေ့အကြုံများအရ ဗီယက်နမ်နိုင်ငံတွင် မုန်တိုင်းဝင်ပြီး ၂ ရက်ခန့်အကြာတွင် မိမိတို့နိုင်ငံ၊ ရှမ်းပြည်နယ်အတွင်း၌ ပုံမှန်မိုးရွာသွန်းမှုများ ဖြစ်ပေါ်လေ့ရှိသော်လည်း ယခုအတိုင်းအတာအထိဖြစ်မည်ဟု မမျှော်မှန်းခဲ့ကြကြောင်း၊ တစ်ချိန်တည်းတွင် ဘင်္ဂလားပင်လယ်အော်၌လည်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေခဲ့ကြောင်း၊ ယင်းတို့၏အရှိန်များကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တို့ရှိ မြို့နယ်အချို့တို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုကဲ့သို့ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့မှုများကြောင့် တောင်ကုန်းတောင်တန်းများပေါ်မှ တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်းခဲ့ပြီး ရေစီးဆင်းရာလမ်းကြောင်းများတစ်လျှောက် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ယခုကြုံတွေ့ခဲ့ရသည့် ရေဘေးကြုံတွေ့ခဲ့ရသည့်ဒေသများတွင် လွန်ခဲ့သောနှစ်ပေါင်း ၅၀ အတွင်း ယခုကဲ့သို့ ဆိုးရွားသည့်အခြေအနေ မကြုံတွေ့ခဲ့ဖူးကြောင်းကို သိရှိရကြောင်း၊ ညအချိန် မိုးရွာသွန်းမှု များပြားပြီး ရုတ်တရက် တောင်ကျရေများ အလုံးအရင်းဖြင့် စီးဆင်းလာခဲ့သဖြင့် ထိခိုက်မှု များပြားခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

◾ လူ ၃၈၄ ဦးသေဆုံးကာ ၈၉ ဦးပျောက်ဆုံးနေ

ထို့အပြင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခုရှိ မြို့နယ် ၅၄ မြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အတွက်ကြောင့် ၆ ပုံ ၁ ပုံ (၁၆ရာခိုင်နှုန်း) ခန့် ရေကြီးခဲ့ကြောင်း၊ ယနေ့နံနက်ရရှိသည့် စာရင်းများအရ လုံးဝပျက်စီးသွားသည့် အဆောက်အဦပေါင်း ၂၁၄၉ လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် အဆောက်အဦပေါင်း ၃၄၅၅ လုံး၊ ရေဝင်နစ်မြုပ်ခဲ့သည့် အဆောက်အဦပေါင်း ၁၃၆၀၂၃ လုံး စုစုပေါင်း ၁၄၁၆၂၇ လုံးနှင့် စာသင်ကျောင်းပေါင်း ၅၄၆ ကျောင်း ရေဝင်နစ်မြုပ်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် လူဦးရေ ၁၄၈၆၄၃ ဦး ရေဘေးဒုက္ခရောက်ခဲ့ပြီး ၃၈၄ ဦး သေဆုံးခဲ့ကြောင်း၊ နေပြည်တော်မှ ၁၆၄ ဦး၊ ကရင်ပြည်နယ်မှ ၅ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၂ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၁၃၄ ဦး၊ ရှမ်းပြည်နယ်မှ ၇၈ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ၁ ဦးဖြစ်ပြီး ပျောက်ဆုံးနေသူ ၈၉ ဦးရှိကြောင်း၊ ဘာသာရေးနှင့်ပတ်သက်ပြီး ၄၃၅ ကျောင်း ပျက်စီးခဲ့ကြောင်း၊ လမ်းတံတား ၅၃၃ ခု ရေမျောပျက်စီးခဲ့ကြောင်း၊ လျှပ်စစ်မီးတိုင် ၂၄၈၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၉၉ ခု၊ တိရစ္ဆာန်သေဆုံးမှု ၁၄၄၉၉၈ ကောင်၊ စပါးစိုက်ဧက ၇၃၅၄၆၁ ဧက ပျက်စီးခဲ့သည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။

ယခုအချိန်သည် အားလုံးအတွက် အခက်အခဲများ ကိုယ်စီဖြစ်ပေါ်လျက်ရှိသည့်အချိန်ဖြစ်သော်လည်း အလှူငွေများများစွာ ထည့်ဝင်ခဲ့ကြသည်ကို တွေ့ရှိရသည့်အတွက် များစွာဝမ်းမြောက်ရပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ အလားတူ ရေဘေးသင့်ပြည်သူများကိုလည်း အားလုံးမှ ဝိုင်းဝန်း၍လှူဒါန်းခြင်း၊ ကူညီကယ်ဆယ်ခြင်းများကိုလည်း အဆက်မပြတ် ဆောင်ရွက်နေသည်ကိုတွေ့ရကြောင်း၊ မြန်မာလူမျိုးများ၏ လှူချင်၊ တန်းချင်သည့်စိတ်များကြောင့် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းကြခြင်းဖြစ်ကြောင်း၊ ရေဘေးသင့်ပြည်သူများအနေဖြင့် ရေရုတ်တရက်စီးဆင်းလာချိန်တွင် ရရာပစ္စည်းများကိုသာ ယူဆောင်လာရသဖြင့် အခက်အခဲများစွာရှိကြကြောင်း။ နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ်ဘီလီယံ ၃၀ သုံးစွဲရန်လျာထားပြီး ယခုလှူဒါန်းသည့် စေတနာရှင်၊ အလှူရှင်များ၏ အလှူငွေများဖြင့်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးဒဏ်ဆိုသည်မှာ ဖြစ်ပွားပြီးပါက အမြန်ဆုံးပြန်လည်ထူထောင်မှုပြုရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိမိအပါအဝင် နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူများအနေဖြင့် သဘာဝဘေးဒဏ်များ ဖြစ်ပေါ်ခဲ့သည့်နေရာများသို့ သွားရောက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် လမ်းညွှန်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

◾ စုပေါင်းအားနဲ့ ကျော်လွှား

“စုပေါင်းအားနဲ့ ကျွန်တော်တို့ ကျော်လွှားရမှာဖြစ်ပါတယ်။ ဒီနေ့ ခင်ဗျားတို့လှူတဲ့ ပိုက်ဆံက ၃၁ ဘီလျံကျော်(ကနဦးရငွေ)ဟာ နည်းတဲ့ပိုက်ဆံမဟုတ်ပါဘူး၊ ကျွန်တော် တော်တော်ကြီးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လည်း ငွေသုံးရတာနဲ့ပတ်သက်လို့ရှိရင်၊ အရမ်းသုံးလို့လည်းမရပါဘူး။ အရမ်းသုံးလို့ရှိရင် ဘတ်ဂျက်မှာလည်းသွားပြီးတော့ အများကြီးစကားပြောပါတယ်။ ဒါကြောင့် ဒီနေ့လှူဒါန်းတဲ့ဟာက နိုင်ငံရဲ့ဝန်တစ်ခုကို တစ်စိတ်တစ်ဝိုင်း တာဝန်ယူပေးလိုက်တာလည်းဖြစ်ပါတယ်။ ကျွန်တော်မှတ်ထားပါမယ်၊ ဒီဟာနဲ့ပတ်သက်ပြီးတော့၊ မှတ်ထားပါမယ်။ ကျွန်တော်တစ်ကယ်မျှော်လင့်တုန်းက သုံးလေးဘီလျံလောက်ပဲမျှော်လင့်ပါတယ်။ ထပ်လောင်းပြောရလို့ရှိရင်၊ သဒ္ဒါတရားထက်သန်စွာနဲ့ ဒီနေ့ငွေတွေလာလှူပေးကြတဲ့ အလှူရှင်များ၊ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအားလုံးကို ထပ်လောင်းပြီးတော့ ကျေးဇူးတင်ကြောင်း ထပ်လောင်းပြီး ပြောပါရစေ။ နောင်မှာလည်း တိုင်းပြည်ရဲ့လိုအပ်ချက်တွေရှိလာတဲ့အခါမှာလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးဖို့အတွက်လည်း ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အတိုင်းပဲ ဖြစ်အောင်သွားပါမယ်။ ကျွန်တော်တို့ တကယ်တန်းပြောရလို့ရှိရင်တော့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်က ပြီးခဲ့တဲ့ ဟို ၂ နှစ်ကတည်းက ပြီးရမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် မပြီးဘူးဖြစ်သွားပြီးတော့ ဒီဖက်အထိရှည်လာတယ်။ အဲ့ဒီတော့ကျွန်တော်တို့ အတတ်နိုင်ဆုံး ရှေ့လုပ်ငန်းစဉ် (၅) ရပ်ပြီးအောင် အကောင်အထည်ဖော်ချင်ပါတယ်။ ဒီအတွက်လည်း ဝိုင်းဝန်းကူညီပေးကြဖို့လည်း ပြောလိုပါတယ်။ လာမယ့်အောက်တိုဘာလတစ်ရက်နေ့မှာ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးအစီအစဉ် ရှိပါတယ်။ ဒီမှာလည်း အောင်မြင်အောင်လည်း ဝိုင်းကူညီပေးကြဖို့နဲ့ အဲ့ဒီက နောက်ဆက်တွဲက ကျွန်တော်တို့က ဒီအပေါ်မှာအခြေခံပြီးတော့ မဲစာရင်းတွေပြုစု၊ ပြီးလို့ရှိရင် ရွေးကောက်ပွဲတွေ ကျွန်တော်တို့လုပ်ပြီးတော့ နိုင်ငံတော်ကို ပြည်သူရွေးချယ်တဲ့ လမ်းကြောင်းအတိုင်း သွားကြဖို့ပဲဖြစ်ပါတယ်၊ ဒီမှာလဲဝိုင်းဝန်းပါဝင်ပေးကြဖို့လည်း တိုက်တွန်းပြောကြားရင်းနဲ့နိဂုံးချုပ်ပါတယ်။”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အလှူငွေများလှူဒါန်းမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ယနေ့ နေပြည်တော်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင် စုစုပေါင်းအလှူငွေ ငွေကျပ်သန်းပေါင်း ၃၂၂၃၀ (ငွေကျပ် ၃၂ ဒသမ ၂ ဘီလျံ) ကျော်ကို လက်ခံရရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါလှူဒါန်းပွဲပုံရိပ်များအရ ဦးဇော်ဇော်အပါအဝင် လုပ်ငန်းရှင်ကြီးအများအပြားတက်ရောက်ခဲ့သလို ဦးဇော်ဝင်းရှိန်အပါအဝင် လုပ်ငန်းရှင်အချို့ကလည်း သိန်းသောင်းချီလှူဒါန်းခဲ့ကြသည်ကိုလည်း တွေ့မြင်ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *