September 21, 2024

၂၁.၉.၂၀၂၄
Written By Zun

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့တွင် ယနေ့ စက်တင်ဘာ ၂၁ ရက် မွန်းလွဲ တစ်နာရီကျော်အချိန်က Honda Fit ယာဉ်နှင့် Canter ယာဉ်တို့ ခေါင်းချင်းဆိုင် တိုက်မိ၍ လမ်းဘေးသို့ထိုးကျကာ အမျိုးသားနှစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒိုက်ဦးလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၀/၂ )ကြားတွင် ယာဉ်နှစ်စီးတိုက်မိကာ လမ်းဘေးထိုးကျတိမ်း မှောက်ခြင်းဖြစ်သောကြောင့် တိုက်မိသောယာဉ် နှစ်စီးလုံးပေါ်မှ အမျိုးသားတစ်ဦးစီ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရွှေဟင်္သာလူမှုကူညီရေးအသင်း(မော့ကနင်)၏ တာဝန်ရှိသူက MT News ကို ပြောသည်။

“ကျွန်တော်တို့က ရေဘေးအလှူကနေပြန်အလာ ညောင်ခါးရှည်ကနေ ဒိုက်ဦးကို အဝင်မှာ လမ်းမှာတွေ့တာ။ Canter ကားပေါ်က ယောင်္ကျားတစ်ယောက်နဲ့ Honda Fit ကားပေါ်က ယောင်္ကျားတစ်ယောက် ပွဲချင်းပြီးပါတယ်။ ယာဉ်မောင်းတွေချည်းပဲ။ Honda Fit ကားပေါ်မှာက တစ်ယောက်၊ Canter ပေါ်မှာက နှစ်ယောက်ပါတာ။ တစ်ယောက်က ဒဏ်ရာရတယ်။ မိသားစုတွေနဲ့ ချိတ်ဆက်ကြတာကို နယ်ခံ ပရဟိတွေက လုပ်ကြတယ်။ ကျွန်တော်တို့က ဆေးရုံကို ပို့တယ်”ဟု ယင်းက ပြောသည်။

ယင်းဖြစ်စဉ်တွင် ရွှေဟင်္သာလူမှုကူညီရေးအသင်းနှင့် TPR Rescue သောင်ပြင်ကယ်ဆယ်ရေးအသင်းတို့ ပူးပေါင်းကူညီခဲ့ကြခြင်း ဖြစ်ကြောင်း၊ သေဆုံးသူအမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ရွှေဟင်္သာ ပရဟိတအသင်း ယာဉ်ဖြင့် ဒိုက်ဦးဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *