September 21, 2024

MT News
၂၁.၉. ၂၀၂၄

ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းဒေသများကိုဖြတ်ကျော်ခဲ့သော အပူပိုင်းမုန်တိုင်း Soulik ၏ လေဖိအားနည်းဆဲလ်များ ထိုင်းနှင့် မြန်မာနိုင်ငံအပေါ် ဆက်လက်တည်ရှိနေပြီး တစ်နိုင်ငံလုံးနီးပါးမိုးကြီးလေထန်နိုင်၍ သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နေ့လယ်ပိုင်း တိုင်းထွာချက်များအရ သိရသည်။

ယနေ့မြန်မာစံတော်ချိန် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ ထိုင်းနိုင်ငံ ကုန်းတွင်းပိုင်းဒေသများနှင့် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် ဆက်လက်တည်ရှိနေသည်။ အဆိုပါ လေဖိအားနည်းဆဲလ်နှင့် အကြွင်းအကျန်တိမ်တိုက်များသည် အနောက်ဘက်သို့ရွေ့လျားနိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းထားသည်။ ထိုမှတစ်ဆင့် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ စက်တင်ဘာ ၂၃ ရက်တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

အဆိုပါ လေဖိအားနည်းဆဲလ်နှင့် အကြွင်းအကျန်တိမ်တိုက်များ၏အရှိန်ကြောင့် ယနေ့နေ့လယ်မှ စက်တင်ဘာ ၂၅ ရက်အတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းကာ ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *