September 21, 2024

၂၁.၉.၂၀၂၄
Written By Thandar

ပရိသတ်ချစ်ခင်မှုတွေ ပိုမိုရရှိလာတဲ့ သရုပ်ဆောင် အကယ်ဒမီ ခင်ဝင့်ဝါက ယနေ့ စက်တင်ဘာ ၂၁ ရက်မှာ ကျရောက်တဲ့ အသက် ၃၀ ပြည့် မွေးနေ့အနေနဲ့ သက်ကြီးအဘိုးအဘွားတွေကို လှူဒါန်းခဲ့သလို ရေဘေးသင့်ပြည်သူတွေအတွက်လည်း ကျပ်သိန်း ၃၀ လှူဒါန်းခဲ့ပါတယ်။

“ဝင့်ဝါရဲ့ အသက်က ၃၀ ပြည့်ပြီဆိုတော့ ထိပ်စီးပြောင်းပြီပေါ့။ ဒီနှစ်မွေးနေ့ အနေနဲ့ ဘာလှူရင် ကောင်းမလဲပေါ့။ အသက် ၃၀ မို့ သိန်း ၃၀ လှူမယ်ပေါ့။ တစ်ယောက်ထဲ သိန်း ၃၀ လှူတာထက် အဆင်မပြေတဲ့ အဘိုးအဘွားတွေ ခွဲလှူရင် ကောင်းမယ်ဆိုပြီးတော့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ အဘိုးအဘွား ၅ ယောက်ကို သွားလှူမှာပါ။ ကိုယ်တိုင်တွေ့ပြီး လှူချင်တာမို့ ဝင့်ဝါ သွားရောက်လှူဖြစ်တာပါ။ သူတို့ရဲ့ ပီတိမြင်ရတာ စိတ်ပျော်ရွှင်ရပါတယ်”လို့ အကယ်ဒမီ ခင်ဝင့်ဝါကပြောပါတယ်။

သူမကတော့ ရန်ကုန်မြို့ ရှိ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်၊ ရွှေပြည်သာမြို့နယ်ရှိကြတဲ့ သက်ကြီးရွယ်အို အဘိုးအဘွား ၅ ယောက်ကို ဆန် ၆ ပြည်၊ ဆီတစ်ပိဿာ၊ ကြက်ဥ တစ်ကတ်၊ အိုဗာတင်း တစ်ထုပ်၊ ကွေကာတစ်ထုပ်၊ ငွေကျပ် ၃ သိန်းတို့ကို ကုသိုလ်ပြုလှူဒါန်းခဲ့ပါတယ်။

အကယ်ဒမီ ခင်ဝင့်ဝါကတော့ ရေဘေးသင့်ပြည်သူတွေအတွက် ကျပ်သိန်း ၃၀ ကို Online Donation Group ကတစ်ဆင့် လှူဒါန်းထားသလို ရေတာရှည်မြို့နဲ့ တောင်ငူမြို့အထိ ကိုယ်တိုင် ကွင်းဆင်းသွားရောက် လှူဒါန်းခဲ့ပါတယ်။

“ဝင့်ဝါရဲ့ မွေးနေ့ကြရင်လည်း ရွှေပြည်သာမှာ လူအယောက် ၄၀၀ စာ စတုဒိသာကျွေးမှာပါ။ ဒီနေ့ မွေးနေ့လေးကတော့ ရေဘေးအလှူ ကုသိုလ်ယူရင်းဖြတ်သန်းဖြစ်ပါတယ်။ ရေဘေးကိုလည်း မွေးလကြို အလှူအနေနဲ့ သိန်း ၃၀ မ,တည်ထားပါတယ်။ ကိုယ်တိုင် ရေဘေးကိုသွားလှူဒါန်းခဲ့ပါတယ်။ တိလေးတွေအတွက်လည်း လှူဒါန်းထားပါတယ်။ မွေးလ တစ်လလုံးကို ကုသိုလ်ရေးတွေနဲ့ ဖြတ်သန်းခွင့်ရခဲ့ပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *