September 21, 2024

◾ ရုရှားပိုင်ထိန်းသိမ်းခံပစ္စည်းဥစ္စာတွေကို အသုံးပြုပြီး ယူကရိန်းကိုချေးငှားမှုမှာ အနောက်နိုင်ငံတွေအဖို့ စိုးရိမ်ဖွယ်ရာအချက်တစ်ခုရှိနေ

၂၁. ၉. ၂၀၂၄
Translated by Htwe Ko Tun

ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လီယန်က ယူကရိန်းနိုင်ငံရဲ့ ဘဏ္ဍာရေးလိုအပ်ချက်ကို ဖြည့်တင်းပေးဖို့နဲ့ လက်နက်ခဲယမ်းတွေ ပိုမိုဝယ်ယူနိုင်ဖို့ ဥရောပသမဂ္ဂအနေနဲ့ ထိန်းသိမ်းထားတဲ့ ရုရှားရဲ့ ပစ္စည်းဥစ္စာတွေကို အသုံးပြုပြီး ယူကရိန်းကို ယူရို ၃၅ ဘီလျံချေးငှားသွားမယ်လို သိရပါတယ်။ ဒီချေးငွေက ယူကရိန်းနိုင်ငံရဲ့ စီးပွားရေးကို ကူညီရာရောက်ပြီး ရုရှားရဲ့ထိုးစစ်ကို ကြံ့ကြံ့ခံနိုင်ဖို့လည်း ဖြစ်တယ်လို့လည်း စက်တင်ဘာလ ၂၀ ရက်က ပြောခဲ့ပါတယ်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လီယန်က ကီးအက်ဗ်မြို့သို့ အလည်အပတ်ရောက်ရှိနေစဉ်မှာ အခုလိုပြောခဲ့တာဖြစ်ပြီး ဒီချေးငွေ ဘယ်လိုအသုံးပြုမယ်ဆိုတာ ပြောင်းလွယ်ပြင်လွယ်ရှိနိုင်မယ်လို့လည်း ကတိပေးခဲ့ပါတယ်။

ဂျီ-၇ နိုင်ငံတွေ အစည်းအဝေးမှာတုန်းက ရုရှားရဲ့လှုပ်ရှားခြင်းမပြုနိုင်တဲ့ ပစ္စည်းတွေကို အပေါင်ပစ္စည်းအဖြစ်ထားခြင်းကိုအသုံးပြုပြီး ယူကရိန်းကို ချေးငှားဖို့ ကတိပြုခဲ့ကြတာပါ။ ဒီထဲက ဥရောပသမဂ္ဂရဲ့ ဝေစုဖြစ်တဲ့ ယူရိုငွေ ၄၅ ဘီလျံ(ဒေါ်လာ ဘီလျံ ၅၀) ကိုအသုံးပြုချေးငှားသွားဖို့လည်း အာဆူလာက ရည်ညွှန်းပြောခဲ့တာပါ။

မူလအကြံဉာဏ်က ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့က ဒေါ်လာ ဘီလျံ ၂၀ စီ ပါဝင်လှူဒါန်းဖို့ဖြစ်ပြီး ကနေဒါ၊ ဗြိတိန်နဲ့ ဂျပန်တို့က ကျန်ရန်ပုံငွေပမာဏအတွက် ကတိပြုသွားကြဖို့ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအကြံဉာဏ်က ဥရောပသမဂ္ဂနဲ့ အမေရိကန်အရာရှိတွေရဲ့ နည်းပညာဆိုင်ရာဆွေးနွေးပွဲတွေမှာ ပြေလည်မှုမရဘဲ ရှိခဲ့ပါတယ်။

အခုလို ရုရှားပိုင်ထိန်းသိမ်းထားတဲ့ပစ္စည်းဥစ္စာတွေကို အသုံးပြုပြီး ယူကရိန်းကိုချေးငှားမှုမှာ အနောက်နိုင်ငံတွေအဖို့ စိုးရိမ်စရာတစ်ခုဖြစ်လာမှာကိုလည်း တွေးဆနေကြပါတယ်။ ဒီလို ထိန်းသိမ်းပိတ်ဆို့ထားခြင်းအတွက် ဥရောပသမဂ္ဂအနေနဲ့ ခြောက်လတစ်ကြိမ် တစ်ညီတစ်ညွတ်ထဲ သဘောတူချက်ရယူကြပြီး ပုံမှန်သက်တမ်းတိုးကြရမှာဖြစ်ပါတယ်။ ဒီတော့ တစ်ချိန်ချိန်မှာ တကယ်လို့များ ရုရှားရဲ့ အရင်းနှီးဆုံးမိတ်ဆွေနိုင်ငံဖြစ်တဲ့ ဟန်ဂေရီကများ ပိတ်ဆို့မှုကို ဗီတိုအာဏာနဲ့ ပယ်ချခဲ့မှာကို အမေရိကန်အစိုးရအနေနဲ့ အထူးစိုးရိမ်နေပါတယ်။ တကယ်လို့များ အဲဒီလိုလုပ်ခဲ့ရင် ချေးငွေတစ်ခုလုံး ပျက်ပြားသွားမှာဖြစ်ပြီး အနောက်အုပ်စု မဟာမိတ်တွေအဖို့ ရုရှားပိုင်ပစ္စည်းတွေအတွက် သူတို့နိုင်ငံတွေရဲ့ ဘဏ္ဍာငွေတွေကိုစိုက်ထုတ်ပြီးပြန်လည်ပေးချေရမယ့်အဖြစ်ကိုရောက်မှာပါ။

Ref- Euro News

Leave a Reply

Your email address will not be published. Required fields are marked *