September 21, 2024

၂၁. ၉. ၂၀၂၄
Written by Nay Moe

၁၀၂၇ စစ်ဆင်ရေးအမည်တပ်ပြီး နယ်မြေလုယက်တိုက်ခိုက်သိမ်းယူနေတဲ့ TNLA သိမ်းယူထားတဲ့ နောင်ချိုမြို့ဟာ အေးချမ်းစွာ လည်ပတ်ခွင့်မရဘဲ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ၁၅ ဦးသေဆုံးထားတယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၅ ရက်က တစ်ကျော့ပြန်စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) တိုက်ခိုက်မှုအတွင်း နောင်ချိုမြို့ကို ဇူလိုင် ၁၀ ရက်မှာ ထိန်းချုပ်နိုင်ခဲ့ပြီလို့ တအာန်းလက်နက်ကို TNLA က ကြေညာခဲ့ပေမဲ့လည်း လေကြောင်းတိုက်ခိုက်ခံရမှုတွေရှိနေသလို စက်တင်ဘာ ၂ ရက်မှာ TNLA နဲ့ အပေါင်းအပါတွေကို အကြမ်းဖက်အဖြစ် သတ်မှတ်လိုက်ပြီးတဲ့နောက်မှာ လေကြောင်းတိုက်ခိုက်မှုတိုးမြှင့်လုပ်ဆောင်ခံနေရတာဖြစ်ပါတယ်။

TNLA သိမ်းယူထားတဲ့ နောင်ချိုမြို့နယ်ကို ဒီမနက် ၇ နာရီခွဲအချိန်မှာ တပ်က Y-12 လေယာဥ်နဲ့ နောင်ချိုမြို့အတွင်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ နောင်ချိုမြို့ ညစျေးတန်းမှာ တစ်နေရာ၊ မြို့မစျေးမှာ တစ်နေရာနဲ့ စျေးရပ်ကွက် နယ်မြေ(၄)မှာ တစ်နေရာ စုစုပေါင်း (၃)နေရာမှာ ဗုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့လည်း TNLA က ပြောပါတယ်။ ဒီလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၁ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံနေအိမ်နှင့် ဆိုင်ခန်းအချို့ ထိခိုက်ပျက်စီးခဲ့သလို ဒဏ်ရာရရှိသူကို ဆေးရုံပို့ဆောင်ထားတယ် ပြောပါတယ်။

ဒါ့အပြင် TNLA နယ်မြေလုယက် သိမ်းဆည်းထားတဲ့ နောင်ချိုမြို့ဟာ ပြန်လည်သိမ်းယူနိုင်ရေး စစ်ဆင်ရေးပစ်မှတ်ဖြစ်လာနေပြီး နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၁၅ ဦးသေဆုံးခဲ့ပြီး (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဒေသခံနေအိမ် (၂၅)လုံး အပါအဝင် အဆောက်အဦ ၃ ခု ပျက်စီးတယ်လို့ ပြောပါတယ်။ သေဆုံးဒဏ်ရာရ ထိခိုက်သူတွေထဲမှာတော့ TNLA လက်နက်ကိုင်တွေနဲ့ စခန်းတွေပါဝင်တယ်လို့ TNLA က မှန်မှန်ကန်ကန်ထုတ်ပြန်လေ့မရှိဘဲ အရပ်သားနေအိမ်ထိခိုက်မှုနဲ့ အများပြည်သူဆိုင်ရာနေရာထိခိုက်တယ်လို့ပဲ လိမ်လည်ဖုံးဖိထုတ်ပြန်လေ့ရှိတာကြောင့် နောင်ချိုမြို့ရဲ့ ထိခိုက်မှုတွေမှာလည်း အရပ်သားနဲ့ အများပြည်သူထိခိုက်မှုကိုပဲ စာရင်းဖော်ပြထားတာကြောင့် ဒီဖုံးကွယ်ထုတ်ပြန်ချက်တွေ မှန်ကန်မှုရှိမရှိ MT News က မဆန်းစစ်နိုင်ဘဲ TNLA ထုတ်ပြန်ချက်သာ ဖော်ပြခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *