September 21, 2024

၂၁.၉. ၂၀၂၄
Written by Shwe Phyo

ထိုင်းနိုင်ငံအနေဖြင့် မြန်မာ့အရေးကို ဖြေရှင်းနိုင်အောင် ကူညီပေးရန်အတွက် ယခုနှစ်နောက်ပိုင်းတွင် ASEAN Troika Plus အစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂိုင် ပွန်ဆာက ထုတ်ဖော်ပြောဆိုလိုက်သည်။

လာအိုနိုင်ငံတွင်ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း အာဆီယံနိုင်ငံများသည် မြန်မာ့အရေးကို ငြိမ်းချမ်းစွာအဖြေရှာနိုင်ရန်အတွက် ထိုင်းအစိုးရ၏ ကြိုးပမ်းမှုများကို အသိအမှတ်ပြုခဲ့ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသောနိုင်ငံများ ပူးပေါင်းပါဝင်မည့် ASEAN Troika Plus အစည်းအဝေး ကျင်းပမည့်အချိန်ကို လက်ရှိအချိန်တွင် အပြီးသတ်ဆုံးဖြတ်ထားခြင်းမျိုးမရှိသေးသော်လည်း အာဆီယံထိပ်သီးအစည်းအဝေးအပြီးတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားဖွယ်ရှိနေသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောသည်။

အာဆီယံထိပ်သီးအစည်းအဝေးကို လာမည့်အောက်တိုဘာလအတွင်း လာအိုနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ASEAN Troika Plus အစည်းအဝေးတွင် မြန်မာ့အရေးကို စိတ်ဝင်စားသည့် အာဆီယံဒေသအတွင်းရှိ နိုင်ငံများအပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသည် သုံးနိုင်ငံ ပူးပေါင်းပါဝင်ဖွယ်ရှိနေကြောင်း သိရသည်။ အထူးသဖြင့် အဆိုပါအစည်းအဝေးအတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သော အင်ဒိုနီးရှား၊ လာအို၊ မလေးရှားနိုင်ငံတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက “ထိုင်းနိုင်ငံဟာ မြန်မာ့အရေးကိုဖြေရှင်းနိုင်အောင် အာဆီယံဒေသအတွင်းရှိ အဓိကနိုင်ငံတွေနဲ့ တက်ကြွစွာပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်။ ဝန်ကြီးချုပ်အသစ် ဦးဆောင်တဲ့ ထိုင်းအစိုးရရဲ့နိုင်ငံခြားရေးမူဝါဒတွေအတိုင်း လုပ်ဆောင်သွားမယ်” ဟုပြောသည်။

REF ,Reuters

Leave a Reply

Your email address will not be published. Required fields are marked *