September 21, 2024

၂၁. ၉. ၂၀၂၄
Translated by Htwe Ko Tun

အစ္စရေးတို့က လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်ကို စက်တင်ဘာလ ၂၀ ရက်က လေကြောင်းတိုက်ခိုက်မှုတစ်ရပ်ပြုလုပ်ခဲ့ရာတွင် ဟစ်ဇ်ဘိုလာအုပ်စု၏ ထိပ်တန်းတပ်မှူးတစ်ဦးသေဆုံးခဲ့ရရာ စစ်ပွဲက မီးကုန်ယမ်းကုန် အဆင့်သို့ မြှင့်တင်တိုက်ခိုက်လာမည်ဟု စိုးရိမ်ဖွယ်ဖြစ်လာရကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးသည့် ဟစ်ဇ်ဘိုလာထိပ်တန်းတပ်မှူး၏အမည်မှာ အသက် ၆၂ နှစ်ခန့်ရှိပြီဖြစ်သော အီဘရာဟင် အကွီလ်ဖြစ်ပြီး ဟစ်ဇ်ဘိုလာအုပ်စု၏ စစ်ဖက်တွင် အမြင့်မားဆုံး ခေါင်းဆောင်တစ်ဦးဖြစ်ကာ အဓိကကျသော အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ ၎င်းက ၁၉၈၃ ခုနှစ်၊ ဧပြီလတွင် လူ ၆၃ ဦးသေဆုံးစေခဲ့သော ဘေရွတ်မြို့ရှိ အမေရိကန်သံရုံးကို ဗုံးခွဲမှုပြုခဲ့သူဟုလည်းဆိုသည်။

ဟစ်ဇ်ဘိုလာ အုပ်စုကလည်း ၎င်းတို့၏တပ်မှူး အီဘရာဟင် အကွီလ် သေဆုံးကြောင်းအတည်ပြုခဲ့ပြီး အစ္စရေးဘက်ကလည်း ၎င်းက လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးခဲ့သော ဟစ်ဇ်ဘိုလာအဆင့်မြင့်ခေါင်းဆောင်များအနက် တစ်ဦးဖြစ်ကြောင်း ပြောခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုတွင် အနည်းဆုံး ၁၄ ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့ကြောင်း လက်ဘနွန်အရာရှိများက ပြောခဲ့သည်။

အဆင့်မြင့်ကုလသမဂ္ဂအရာရှိတစ်တစ်ဦးကလည်း အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခဖြစ်ပွားမှု ကျယ်ပြန့်လာမှုကြောင့် ဒေသအတွင်းပျက်စီးဆုံးရှုံးမှုများပို၍ များပြားလာမည့်အခြေအနေရှိနေကြောင်း သတိပေးပြောကြားခဲ့သည်။ ယခုအပတ်အတွင်း ဟစ်ဇ်ဘိုလာအဖွဲ့ဝင်တို့ကိုင်ဆောင်သော Pager ခေါ် ရေဒီယို သတင်းလက်ခံစက်များနှင့် လမ်းလျှောက်စကားပြောစက်များပေါက်ကွဲမှုကြောင့် သေဆုံးသူ အနည်းဆုံး ၃၇ ဦးရှိခဲ့သည်ဟု ကုလသမဂ္ဂနိုင်ငံရေးရုအကြီးအကဲ ရို့စ်မေရီ အန်နီ ဒီကာလိုက လုံခြုံရေးကောင်စီတွင် ပြောခဲ့သည်။

လေကြောင်းတိုက်ခိုက်ရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့များရောက်ရှိလာကြပြီး ဒဏ်ရာရရှိသူများကို ကယ်ဆယ်မှုပြုကာ အပျက်အစီးပုံများအောက်တွင် ပိတ်မိနေသူများကိုလည်း ရှာဖွေလျက်ရှိကြသည်။ ဖြစ်ရပ်တွင် အဆောက်အအုံတစ်လုံး လုံးဝပြိုကျကာ အခြားအဆောက်အအုံအများအပြားလည်း ကြီးမားစွာထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုက ဇူလိုင်လ ၃၀ ရက်တွင် ဟစ်ဇ်ဘိုလာ စစ်ရေးခေါင်းဆောင် ဖူအတ် ရှု့ ဘေရွတ်မြို့အတွင်း ထိမှန်သေဆုံးခဲ့ရသော လေကြောင်းတိုက်ခိုက်မှုတစ်ရပ် အစ္စရေးက ပြုလုပ်အပြီးတွင် ဘေရွတ်မြို့သို့ အစ္စရေးက ပထမဆုံးထပ်မံတိုက်ခိုက်ခြင်း‌ဖြစ်သည်။

Ref-BBC

Leave a Reply

Your email address will not be published. Required fields are marked *