September 21, 2024

၂၁.၉.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့၊ ကန်သာအုပ်စု၊ ခင်ကြီးယကျေးရွာအနီးရှိ ဆည်မြောင်းကို သူငယ်ချင်းများနှင့်အတူဖြတ်ကူးရာမှ အသက် (၁၅) နှစ်အရွယ်ရှိသည့် အမျိုးသားငယ်တစ်ဦး ရေစီးနှင့်မြောပါ၍ ရေနစ်သေဆုံးသွားကြောင်း သိရသည်။

စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဆည်မြောင်းဖြတ်ကူးရာမှ အမျိုးသားငယ်တစ်ဦး ရေစီးနှင့်အတူ မြောပါသွားသောကြောင့် ကူညီကယ်ဆယ်ပေးပါရန် မိသားစုဝင်များမှ စက်တင်ဘာလ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မျိုးဆက်သစ်မြတ်ပါရမီအသင်းသို့ ဖုန်းဆက်အကူအညီတောင်းသောကြောင့် အသင်းသားများမှ ရေငုပ်၍ရှာဖွေရာ ယမန်နေ့ ညနေ (၄) နာရီအချိန်တွင် ဆည်မြောင်းနှင့် ၇ ဖာလုံဝေးသည့် ဆူးတောထဲ၌ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

“သူငယ်ချင်းတွေနဲ့ဖြတ်တာ။ အဲ့မှာ သူတစ်ယောက်တည်း ရေစီးနဲ့ပါသွားတာ။ အလောင်းကပိုင်ရှင်ရှိတော့ သက်ဆိုင်ရာနဲ့ချိတ်ပြီး သင်္ဂြိုဟ်လိုက်တယ်။ လက်ရှိပျော်ဘွယ်မှာ တာတွေက ဆက်တိုက်ပွင့်နေတာ။ ချောင်းတွေ၊ မြောင်းတွေက ရေအပြည့်ဖြစ်နေတော့ ရေတွေကစီးနေတာ။ နောက်ထပ်မိုးကောင်းရင်တော့ စိုးရိမ်ရမဲ့အခြေအနေရှိတယ်”ဟု မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ မျိုးဆက်သစ်မြတ်ပါရမီအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ရေနစ်သေဆုံးသည့် အသက် (၁၅) နှစ်အရွယ် အမျိုးသားငယ်မှာ ခင်ကြီးယကျေးရွာတွင်နေထိုင်သူဖြစ်ကြောင်း၊ ရုပ်အလောင်းကို ကျေးရွာသုသာန်တွင် သင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ – မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ မျိုးဆက်သစ်မြတ်ပါရမီအသင်း

Leave a Reply

Your email address will not be published. Required fields are marked *