September 21, 2024

၂၁. ၉. ၂၀၂၄
Written by Tha Doe

IRD’s Tax Payment Hub Portal မှာ အီလက်ထရောနစ်ငွေပေးချေမှုစနစ်ကို အသုံးပြုပြီး အခွန်ရုံးတွေကို အခွန်ပေးဆောင်နိုင်ပြီဖြစ်တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက သိရပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာနဟာ အခွန်ထမ်းပြည်သူတွေ အခွန်ပေးဆောင်ရာမှာ လွယ်ကူ မြန်ဆန်စေဖို့အတွက် အီလက်ထရောနစ်နည်းနဲ့ အခွန်ငွေပေးဆောင်နိုင်မယ့်နည်းလမ်းတွေကို အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာမှာ ပုဂ္ဂလိကဘဏ်တွေရဲ့ အီလက်ထရောနစ် ငွေပေးချေမှုစနစ်တွေနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ငွေပေးချေမှုကွန်ရက်စနစ် (CBM-NET)၊ MPU E-Commerce စတာတွေကို အသုံးပြုပြီး Online က ပေးဆောင်နိုင်ဖို့ ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။

ဘယ်နည်းလမ်းတွေနဲ့ အခွန်ဆောင်ရမလဲ

အွန်လိုင်းအသုံးပြုပြီးအခွန်ဆောင်လို့ရမယ့်နည်းလမ်းထဲမှာ e-Commerce ဖွင့်လှစ်ထားတဲ့ MPU Debit Card အသုံးပြုပြီး Online က အခွန်ငွေ ပေးဆောင်တာ(https://www.ird.gov.mm မှတစ်ဆင့် အခွန်ငွေပေးသွင်းခြင်း)၊ နဲ့ မိုဘိုင်းအီလက်ထရောနစ်ငွေပေးချေမှုစနစ် ဒါမှမဟုတ် ပုဂ္ဂလိကဘဏ်တွေမှာ ဖွင့်လှစ်ထားတဲ့ငွေစာရင်းက CBM-NET System မှာရှိတဲ့ CCT Function ကို အသုံးပြုပြီး အီလက်ထရောနစ်နည်းနဲ့ အခွန်ငွေပေးသွင်းတာအပြင် ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ Website ကတစ်ဆင့် Multi-Channel Tax Payment Platform အနေနဲ့ အသုံးပြုအခွန်ငွေပေးဆောင်နိုင်ဖို့အတွက် IRD’s Tax Payment Hub Portal ကို အကောင်အထည်ဖော်ခဲ့ရာမှာ ပထမအဆင့်အနေနဲ့ စက်တင်ဘာ ၁ ရက်ကစပြီး ယူအေဘီဘဏ် (uab Bank) ရဲ့ uab Pay & uab Banking အပြင် e-Commerce ဖွင့်လှစ်ထားတဲ့ MPU Debit Card တွေ အသုံးပြုပြီး အခွန်ငွေပေးသွင်းနိုင်ဖို့ ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။

ဒီလို IRD’s Tax Payment Hub Portal ကတစ်ဆင့် uab Bank လိုမျိုး အခြားသောဘဏ်တွေရဲ့ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာပါဝင်တဲ့ အီလက်ထရောနစ်ငွေပေးချေမှုစနစ်တွေနဲ့ ပေးသွင်းနိုင်ဖို့ စနစ်ပိုင်းချိတ်ဆက်ပြီးချိန်မှာလည်း အချိန်နဲ့တစ်ပြေးညီ အသိပေးသွားမယ်လို့ သိရပါတယ်။

ဘယ်ရုံးတွေကို အွန်လိုင်းအခွန်ဆောင်နိုင်ပြီလဲ

အွန်လိုင်းကနေ အခွန်ဆောင်ရာမှာ ဘယ်ရုံးတွေကနေ အခွန်ဆောင်နိုင်ပြီလဲဆိုရင် IRD’s Tax Payment Hub Portal ကတစ်ဆင့် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး (၁)၊ (၂)၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)တို့က ကုမ္ပဏီအဖွဲ့အစည်းအခွန်ထမ်းတွေနဲ့ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၁၁၁)ရုံးတို့က တစ်ဦးချင်းပုဂ္ဂိုလ်အခွန်ထမ်းတွေဟယ e-Commerce ဖွင့်လှစ်ထားတဲ့ MPU Debit Card ကိုအသုံးပြုပြီး Online က အခွန်ဆောင်တာ၊ ယူအေဘီဘဏ် (uab Bank) ရဲ့ uab Pay နဲ့ uab Banking တို့နဲ့ အခွန်ငွေပေးဆောင်နိုင်တဲ့အပြင် လက်ရှိကျင့်သုံးလျက်ရှိတဲ့ ပုဂ္ဂလိကဘဏ်တွေကတစ်ဆင့် အီလက်ထရောနစ်ငွေပေးချေမှု နည်းလမ်းတွေနဲ့လည်း ဆက်လက်ပေးဆောင်သွားနိုင်မှာဖြစ်ပါတယ်။

အွန်လိုင်းက အခွန်ဆောင်တော့ ဘာတွေ အားသာလာမလဲ

အခွန်ထမ်းပြည်သူတွေအနေနဲ့ အီလက်ထရောနစ်နည်းလမ်းကိုအသုံးပြုပြီး အခွန်ငွေပေးဆောင်တာကြောင့် မြန်မာနိုင်ငံအတွင်းက အင်တာနက်ရရှိတဲ့ ဘယ်လိုနေရာကမဆို အချိန်မရွေး လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်တာ၊ ငွေကြေးကိုင်တွယ်မှုလျှော့ချနိုင်တာ၊ မိမိနဲ့သက်ဆိုင်တဲ့ အခွန်ငွေ ပေးသွင်းခဲ့တဲ့အချက်အလက်တွေကို ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ Data Center မှာရှိတဲ့ Database မှာ သိမ်းဆည်း ထားလို့ စနစ်(System)ထဲမှာ မှတ်ပုံတင် (Register) ပြုလုပ်ပြီး ဝင်ရောက်စစ်ဆေးကြည့်ရှုနိုင်တာတွေ ပြုလုပ်နိုင်မှာပါ။ ဒီလို စစ်ဆေးနိုင်တာကြောင့် ငွေကြေးဆုံးရှုံးမှု၊ အလွဲသုံးစားမှုနဲ့ မသမာမှုဖြစ်ပွားတဲ့အန္တရာယ်တွေကို ကြိုတင်ကာကွယ်နိုင်တဲ့ ကောင်းကျိုးတွေကို ခံစားရမှာဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ကုမ္ပဏီအဖွဲ့အစည်းအခွန်ထမ်းတွေဟာ အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) အသုံးပြုတာ၊ တစ်ဦးချင်းပုဂ္ဂိုလ်အခွန်ထမ်းတွေက နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ် (ဒါမှမဟုတ်) အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) ကိုအသုံးပြုပြီး မြန်မာနိုင်ငံအတွင်းက အင်တာနက်ရရှိတဲ့ ဘယ်နေရာကမဆို ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ Website https://www.ird.gov.mm Homepage e-Payment Menu Linko https://onlinepayment.ird.gov.mm Link ကတစ်ဆင့် IRD’s Tax Payment Hub Portal ဝင်ရောက်အသုံးပြုနိုင်ကြဖို့လည်း ပြည်တွင်းအခွန်များဦးစီးဌာနက မေတ္တာရပ်ခံထားပါတယ်။

အခွန်ထမ်းပြည်သူတွေအနေနဲ့ အီလက်ထရောနစ်နည်းလမ်းကိုအသုံးပြုပြီး အခွန်ငွေပေးဆောင်တာနဲ့စပ်လျဉ်းလို့ သိရှိလိုတာရှိရင်လည်း အခွန်ထမ်းဝန်ဆောင်မှု ဗဟိုအဖွဲ့ရုံး (ရန်ကုန်) (၀၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂၂)၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်) (၀၆၇-၃၄၃၀၅၂၂၊ ၀၆၇-၃၄၃၀၅၄၄)၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး) (၀၂-၄၀၃၀၁၉၂၊ ၀၂-၄၀၃၀၆၃၈၊ ၀၂- ၄၀၃၀၆၃၉)၊ အီလက်ထရောနစ်ဝန်ဆောင်မှုနည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေးစင်တာ (e-Service Help Desk Center) (၀၁-၈၃၇၈၃၇၁၊ ၀၁-၈၃၇၀၁၉၅၊ ၀၁-၈၃၇၉၀၂၁) နဲ့ သက်ဆိုင်ရာ မြို့နယ်အခွန်ရုံးတွေထံ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်တယ်လို့လည်း ပြည်တွင်းအခွန်များဦးစီးဌာနက သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *