September 20, 2024

၂၀.၉. ၂၀၂၄
Written by Nay Moe

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးရွာ တိုက်ပွဲအတွင်းမှာ အသေပစ်ခတ်ဖမ်းဆီးခံရတဲ့ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြင်းခြံခရိုင်- ပကဖ) ဒုတိယတာဝန်ခံ လှမျိုးကျော် (ခ) အီးတီရဲ့ အသုဘအခမ်းအနားကို ဒီနေ့ စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်ကစပြီး MNDAA ၊ TNLA ၊ AA တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) မှာ ဝင်တိုက်ခိုက်နေတဲ့ မန္တလေး PDF တွေကို ထောက်ခံအားပေးတဲ့အနေနဲ့ မန္တလေးတိုင်းအတွင်းက PDF တွေဟာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအမည်တပ်ပြီး တောင်သာ၊ နွားထိုးကြီး၊ မြင်းခြံမြို့တွေမှာ နိုင်ငံပိုင်အဆောက်အအုံတွေ၊ ရဲကင်းစခန်းတွေကို ဖျက်ဆီးတိုက်ခိုက်ကြလို့ စင်ကာပူနဲ့တရုတ်နိုင်ငံရဲ့ သဘာဝဓာတ်ငွေ့သုံးစက်ရုံတွေ ရပ်ဆိုင်းခဲ့သလို စစ်ဆင် ရေးအမည်တပ်ပြီး ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်မှုတွေပြုလုပ်တာကြောင့် လုံခြုံရေးတပ်ဖွဲ့က စစ်ကြောင်းထိုးတိုက်ခိုက်ရာမှာ စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းက ခြုံကြီးရွာအနီးတိုက်ပွဲဖြစ်ခဲ့ပြီး လှမျိုးကျော် (အီးတီ) အပါအဝင် PDF တွေ ခြောက်ဦးထက်မနည်း အသေပစ်ခတ်ဖမ်းဆီးမိခဲ့တာပါ။

သေဆုံးတဲ့ PDF တွေထဲမှာ လှမျိုးကျော်(ခ) အီးတီအပြင် ဖက်တီး၊ ကုလား၊ ဘောကြီး၊ ကျော်သက် တို့ ငါးဦးကို နာမည်နဲ့တကွ မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီက ဖော်ပြထားပေမဲ့ ဒီငါးယောက်က PDF အဖြစ် လှုပ်ရှားတဲ့အဖွဲ့အစည်းတွေကိုတော့ တိတိပပ မထုတ်ပြန်ခဲ့သလို လှမျိုးကျော်ရဲ့ အသုဘကျင်းပမှုကိုသာ ထုတ်ပြန်ခဲ့တာလည်း တွေ့ရပါတယ်။ လှမျိုးကျော်ဟာ နိုင်ငံရေးအကျဥ်းသားဟောင်းဖြစ်သလို မြင်းခြံသပိတ်ခေါင်းဆောင်လည်းဖြစ်တဲ့အပြင် NUG ရဲ့ ပညာရေးမှာ ဝင်သင်ပေးနေတဲ့ ကျောင်းဆရာ၊ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီနဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီဝင်တွေလည်းဖြစ်တယ်လို့ သိရပါတယ်။ (Photo-Credit)

Leave a Reply

Your email address will not be published. Required fields are marked *