September 20, 2024

၂၀.၉.၂၀၂၄
Written By Thandar

နာမည်ကြီး ဂီတမောင်နှမတွေ ပါဝင်သီဆိုဖျော်ဖြေကြတဲ့ ရေဘေးသင့်ပြည်သူတွေ ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးအတွက် “ဂီတအလှူ ဖေးမကူ” ပရဟိတပွဲကြီးကို ယနေ့ စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Myanmar Plaza မှာ ကျင်းပခဲ့ပါတယ်။

“ရေဘေးသင့်အတွက် “ဂီတအလှူ ဖေးမကူ”ပွဲစီစဉ်ဖြစ်တာက ဒီတိုင်း ကိုယ်နဲ့မဆိုင်သလို ထိုင်မနေတတ်တော့လို့ဆိုပါတော့။ Vedio တက်လာရင် ပိုးမီ ကြည့်ပြီး ဝမ်းနည်းတယ်။ ခံစားရတယ်။ သူတို့အတွက် ဘာလုပ်ပေးနိုင်မလဲစဉ်းစားလိုက်တယ်။ ကိုယ်တစ်ယောက်တည်း အားနဲ့က နည်းနည်းပဲရွေ့မယ်။ အများအားကိုတောင်းခံပြီးတော့ ပြိုင်တူတွန်းရင် ရွေ့နိုင်တယ်ဆိုပြီး ပိုးမီက ညီအစ်ကို မောင်နှမတွေကို အကူအညီတောင်းလိုက်တာပါ။ ပိုးမီ ဖြစ်ချင်တဲ့ဆန္ဒလေးကို အလှူဒါနနဲ့ အကုန်ဝိုင်းပြီးတော့ ဖြည့်ဆည်းပေးကြတာပါ။ ဒါကြောင့် စီစဉ်ဖြစ်တာပါ။အဆိုတော်တွေက အများကြီးပြောစရာမလိုဘဲ လာအားဖြည့်ကြလို့လည်း ပီတိဖြစ်ရပါတယ်”လို့ ပွဲဖြစ်အောင် စီစဉ်သူ အဆိုတော်ပိုးမီက ပြောပါတယ်။

အဆိုပါ ရန်ပုံငွေပွဲမှာတော့ နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ ဝေကြီး၊ ဖြိုးကျော်ထိုက်၊ နေမင်းအိမ်၊ Yaung P ၊ အောင်အေးချစ်၊ စိုးကြီး၊ ကျော်ကျော်ပိုင်မှူး၊ ပိုးမီ၊ ဖူးဖူး၊ ဝိုင်းလေး၊ ချမ်းမြေ့မောင်ချို၊ ယွန်းမြတ်သူ၊ မီးနို၊ လိမ္မော်သီး၊ မေမဒီ၊ ယွန်းလေး၊ ဂေဂေး၊ နိုရာ ၊နေနွယ်ဇင်လင်း စတဲ့သူတွေက Happy Band , Daily Gita Band , N Known Band တွေနဲ့အတူ ပါဝင် သီဆိုဖျော်ဖြေခဲ့ပါတယ်။

ဒီဖျော်ဖြေပွဲမှာတော့ ခုချိန်ထိငွေသား ကျပ် သိန်း ၁၈၃ သိန်းကျော် အလှူငွေရနေပြီးတော့ K Pay ကပါဝင် လှူဒါန်းငွေတွေ ထပ်မံထည့်ပေါင်းရဦးမှာလည်းဖြစ်ပါတယ်။

“ပရဟိတရန်ပုံငွေမှာ သီချင်းများ ဖျော်ဖြေရင်း အလှူငွေကောက်ပြီး လိုအပ်တဲ့နေရာတွေကို ခွဲဝေလှူဒါန်းသွားမယ်။ ကိုယ်တတ်နိုင်တဲ့ လုပ်အားနဲ့ ကူညီတာပါ။ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူချင်ပေမယ့် မိန်းကလေးဆိုတော့ ကိုယ့်ကြောင့် ဝန်ပိုတာမျိုးဖြစ်မှာစိုးရိမ်မိတယ်။ ကိုယ်နိုင်တဲ့ ဂီတနဲ့ အားဖြည့်ဖြစ်တာပါ”လို့ အဆိုတော်ဂေဂေးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *