September 20, 2024

၂၀.၉.၂၀၂၄
Written by Hey Mar

ဘိလပ်မြေဖျော်စက်ကားတစ်စီး ကွေ့ကြောမှာ အရှိန်လွန်တိမ်းမှောက်ရာက လမ်းဘေးမှာရပ်ထားတဲ့ လိုက်ထရက်ယာဉ်ကိုတိုက်မိပြီး ယာဉ်ပေါ်ပါ လူငယ် ၆ ဦး ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ အဖြူရောင်မေတ္တာလူမှုကူညီရေးအသင်းထံကနေသိရပါတယ်။

ဖြစ်စဉ်က ဒီနေ့ စက်တင်ဘာ ၂၀ ရက် ညနေ ၄ နာရီကျော်အချိန်ခန့်မှာ မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းပေါ်မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ တညင်းကုန်းလမ်းဆုံဘက်ကနေ ခရေပင်လမ်းခွဲဘက်လားရာကို မောင်းနှင်လာတဲ့ ဘိလပ်မြေဖျော်စက်ကားက ကွေ့ကြောမှာအရှိန်လွန်တိမ်းမှောက်ပြီး ဝိုင်ဖိုင်လိုက်လံတပ်ဆင်ပြုပြင်တဲ့ လိုက်ထရက်ယာဉ်ကို တိုက်မိတာလို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

အဖြူရောင် မေတ္တာလူမှုကူညီရေးအသင်းက “ဖြစ်တာက ၆၄၆ တပ်အကျော်မှာ ဖြစ်သွားတာပါ။ အုန်းမွှေးလုံးယာဉ်က တိုက်တာမဟုတ်ဘူး။ သူ့ဘာသာမှောက်ပြီးလမ်း‌ဘေးက ကားကို ဝင်တိုးတာ။ အဲ့ဒီကား နောက်ခန်းမှာပါတဲ့ ကောင်လေး ၇ ယောက်မှာ ၁ ယောက်က ကားပေါ်က ဆင်းနေတုန်း၊ ကားကြီးမှောက်တာမြင်တော့ လမ်းဘေးမြောင်းထဲ ခုန်ချရှောင်လို့ လွတ်တယ် ၊ ကျန် ‌၆ ယောက်မှာ ၂ ယောက်က ပြင်းထန်ဒဏ်ရာ၊ ၄ ယောက်က ခြေကျိုး လက်ကျိုးပေါ့ ၊ ခေါင်းခန်းက ယာဉ်မောင်းနဲ့ နောက်တစ်ယောက်လည်း လွတ်တယ်။ အုန်းမွှေးလုံးကားပေါ်က လူတွေလည်း ပွန်းပဲ့ ပေါက်ပြဲ ဒဏ်ရာလောက်ပဲ ရတယ်” လို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဒဏ်ရာရရှိသူတွေကို ကနောင်လူမှုကူညီရေးအသင်း ၊ မဟာ လူမှုကူညီရေးအသင်း၊ စိန်ရတနာလူမှုကူညီရေးအသင်းနဲ့ We Love Care လူမှုကူညီရေးအသင်းတို့က အချိန်နဲ့ တစ်ပြေးညီ အင်းစိန်ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာ ယာဉ်မှုစစ်က ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးကာ ရဲလုပ်ငန်းစဉ်တွေအတိုင်း ဆက်လက်‌ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *