September 20, 2024

၂၀. ၉. ၂၀၂၄
Written by Tha Doe

ဒီနေ့ စက်တင်ဘာ ၂၀ ရက် သောကြာညမှာ ကျင်းပတဲ့ ONE Friday Fights 80 ပြိုင်ပွဲမှာ ဥဇဘက်ကစ္စတန် ဖိုက်တာ Mavlonbek Kakhkhorov နဲ့ မြန်မာ့ချန်ပီယံတစ်ဦးဖြစ်တဲ့ သွေးသစ်ဝင်းလှိုင်တို့ တွေ့ဆုံပွဲမှာ မြန်မာ့သွေးအေးကျားဟာ ဥဇဘက်ဖိုက်တာကို အမှတ်နဲ့ပဲ ထပ်မံ အရှုံးပေးခဲ့ရပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်ညက ပြုလုပ်ခဲ့တဲ့ One Friday Fights 66 မှာ ထိုင်းနိုင်ငံသားပြိုင်ဘက် ခွန်ဆုတ်ကို အမှတ်နဲ့သာရှုံးပေမဲ့ တစ်ဖက်သတ်အထိုးခံရင်း မရှုမလှအရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံဆိုတာဘာလဲ သက်သေပြန်ပြဖို့ ဒီနေ့မှာ ဥဇဘက်ဖိုက်တာ ခါခ်ခိုရော့ဗ်ကို အလဲထိုးဖို့ အကောင်းဆုံးပြင်ဆင်လာမယ်ထင်ရတဲ့ သွေးသစ်ဝင်းလှိုင်ဟာ ပထမအချီမှာ အောက်ထောင့်တွေ အပြန်အလှန်ရှင်းနေရင်း အကဲစမ်းကြပေမဲ့ ခါ့ခ်ခိုရော့ဗ်ရဲ့ ဒူးတိုက်ချက်ထိခဲ့သလို သွေးသစ်ရဲ့ ဝိုက်လက်သီးကလည်း ဥဇဘက်ဖိုက်တာကို မိတ်ဆက်နိုင်ခဲ့ပေမဲ့ သွေးသစ်လက်သီးအရှိန်အလွန်မှာ ခါ့ခ်ခိုရော့ဗ် ဒူးနဲ့ပြေးတိုက်တာကို လက်နဲ့ကာနိုင်လို့ သက်သာရာရခဲ့သလို ပွဲပြီးကာနီး ထပ်အရှိန်အလွန်မှာ ခါ့ခ်ခိုရော့က လက်နဲ့ဖိလှဲချတာ ခံရပါသေးတယ်။

ဒုတိယအချီမှာလည်း နိုင်လိုဇောနဲ့ မထိဘဲ အရှိန်လွန်နေတဲ့ သွေးသစ်ဝင်းလှိုင်လဲအကျမှာ ခါ့ခ်ဟိုရော့ဗ်က အပေါ်ကနေ ထုထောင်းလို့ သတိပေးခံရတာမြင်ရပါတယ်။ အရပ်ရော ခွန်အားရော အသာလွန်နေတဲ့ ခါ့ခ်ဟိုရော့ဗ်ဟာ သွေးသစ်ဝင်းလှိုင်ကို ဒုတိယအချီမှာ တစ်ဖက်သတ်ဖိကစားရင်း ချုပ်ဒူးတွေ တံတောင်တွေကို လှလှပပသုံးပြနိုင်ခဲ့ချိန်မှာ သွေးသစ်ကတော့ တုံ့ပြန်နိုင်မှု နတ္ထိပါ။

တတိယအချီမှာလည်း သွေးသစ်ထက် အရပ် ၃ လက်မပိုမြင့်ပေမဲ့ အသက် ၈ နှစ်ပိုကြီးတဲ့ ခါ့ခ်ဟိုရော့ဗ်က တစ်စက်မှ ကျမသွားဘဲ သွေးသစ်က ကျနေသလိုဖြစ်နေပြီး သွေးသစ်ပျော့နေတာကို သိတဲ့ ခါ့ခ်ခိုရော့ဗ်က အတင်းဝင်အတင်းချုပ် အတင်းဒူးနဲ့တိုက် တံတောင်နဲ့ရိုက် လက်သီးနဲ့ထိုးချိန်မှာ ပွဲအစ တစ်မိနစ်မပြည့်ခင် ကြိုးဝိုင်းထောင့်ခွေကျသွားတဲ့ သွေးသစ်ဝင်းလှိုင် အမှတ်စဥ်ရေခံလိုက်ရပြီး ရှုံးဖို့သေချာသွားခဲ့ပါတယ်။ လက်ကျန်နှစ်မိနစ်မှာ သွေးသစ်က လိုက်ထိုးဖို့ကြိုးစားပေမဲ့လည်း ခါ့ခ်ခိုရော့ဗ်အထိနာလောက်မဲ့ ထိုးချက်မရဘဲ သူပဲ ပြန်ထိပြီး အရှုံးပေးခဲ့ရပါတယ်။

ထိုင်းနိုင်ငံကိုသွားပြီးထိုးသတ်ကြတဲ့ မြန်မာ့ရိုးရာကျားတွေဟာ စိုးလင်းဦး၊ သန့်ဇင်၊ မိုးထက်အောင်တို့လို မြန်မာပရိသတ်ဂုဏ်ယူရလောက်အောင် ပြိုင်ဘက်တိုင်းကို အနိုင်ယူနိုင်ခဲ့တဲ့ ဖိုက်တာတွေရှိသလို ထွန်းမင်းနိုင်၊ ထွန်းမင်းအောင်၊ မင်းရဲကျော်စွာတို့လို နိုင်တစ်လှည့်ရှုံးတစ်လှည်ဖိုက်တာတွေလည်းရှိပေမဲ့ မြန်မာပရိသတ်တွေအဖို့ ဘယ်တော့မှ မေ့လို့ရမှာမဟုတ်တဲ့ အထိအနာဆုံးရှုံးပွဲကတော့ မြန်မာ့ချန်ပီယံသွေးသစ်ဝင်းလှိုင်ရဲ့ ရှုံးပွဲတွေပါ။

မြန်မာ့ချန်ပီယံတစ်ဦးမို့ One ကို ထွက်ထိုးချိန်မှာ အသက်အရွယ်အရလည်း အကောင်းဆုံးနဲ့ ပညာအစုံဆုံး၊ အမှတ်ပေးကစားကွက်မှာ အံအဝင်ဆုံးလို့ ယူဆခံထားရတဲ့ သွေးအေးကျားဟာ ပရိသတ်တွေအကြား အမြင့်ဆုံး မျှော်လင့်ခံရပေမဲ့ အဖွင့်ပွဲမှာတင် အဆိုးဆုံး ရလဒ် ထွက်ခဲ့ပြီး One စင်မြင့်ပေါ်မှာ ဖွဲအိတ်ကြီးလိုကို ခွန်ဆုတ် ထိုးတာခံခဲ့ရတာဖြစ်ပြီး ဒီနေ့ပွဲမှာလည်း အသက်ကသာ ၃၇ နှစ်အရွယ်မို့ ကျနေပြီထင်ရပေမဲ့ အလုံးအရပ်သာတဲ့ ဥဇဘက် ဖိုက်တာကို မယ်မယ်ရရထိုးချက်မရှိဘဲ အမှတ်နဲ့ ထပ်ရှုံးသွားတာမို့ ရှုံးတဲ့နှစ်ပွဲစလုံးမှာလည်း လှပတဲ့ထိုးချက် မပြနိုင်ခဲ့လို့ သွေးသစ်ရဲ့ One Championship ခရီးစဥ်ဟာ နှစ်ပွဲဆက်တိုက်အရှုံးနဲ့ ရပ်တန့်တော့မှာ သေချာသလောက်ဖြစ်နေပါပြီလို့ပဲ….

Leave a Reply

Your email address will not be published. Required fields are marked *