September 20, 2024

၂၀.၉.၂၀၂၄
Written by KL

ရန်ကုန် – မန္တလေး အမြန်လမ်း နေပြည်တော်-ရန်ကုန်လမ်းပိုင်း မိုင်တိုင် ၉၁/၃နှင့် မိုင်တိုင် ၉၁/၄ ကြားတွင် ယမန်နေ့ စက်တင်ဘာ ၁၉ ရက် ည ၁၀ နာရီခွဲက Toyota Alphard အမျိုးအစား ခဲရောင်ယာဥ်မှာ ကျွဲကို ရှောင်ရာမှ မြေသားလမ်းပေါ်ရောက်ပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။

“ကားက ကျွဲကိုရှောင်လိုက်ရင်းကနေ မြေသားလမ်းပေါ်တက်ပြီး မိုင်တိုင်အုတ်တိုင်ကို တိုက်ရင်း ညာဘက်တစ်စောင်းမှောက်သွားတာ။ ကားပေါ်ပါသူတွေက ရန်ကုန် တောင်ဒဂုံနဲ ဒဂုံဆိပ်ကမ်းဘက်ကပါ။ ပေါက်ပြဲဒဏ်ရာ၊ပွန်းရှဒဏ်ရာတွေရရှိခဲ့ပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရပါဘူး”ဟု အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် အသက် ၅၁ နှစ်အရွယ် ယာဥ်မောင်းအမျိုးသားတွင် ညာဘက်လက်ကောက်ဝတ် ဖူးယောင်ဒဏ်ရာနှင့် အသက် ၂၁ နှစ်အရွယ်မှ အသက် ၅၉ နှစ်အရွယ်ကြားရှိ အမျိုးသမီး ၅ ဦးတွင် မျက်နှာ၊ ဦးခေါင်း၊နဖူးတို့တွင် ဖူးရောင် ပေါက်ပြဲဒဏ်ရာတို့ ရရှိခဲ့သဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် မော်တော်ယာဥ် လေကာမှန်ကွဲခြင်း၊ အမိုးပိန်ချိုင့်ခြင်း၊ ကားပိန်ချိုင့်ခြင်းနှင့် မိုင်တိုင် ၁ တိုင် ပျက်စီးခဲ့သဖြင့် ယာဥ်မောင်းအမျိုးသားကို ပုဒ်မ ၃၃၈၊ ၃၃၇၊ ၂၇၉ ဖြင့် မြို့ချောင်းအမြန်လမ်းရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *