September 20, 2024

၂၀.၉.၂၀၂၄
Written By Zun

MNDAA က NUG နှင့် စစ်ရေး၊ နိုင်ငံရေးပူးပေါင်း၍ စစ်မြေပြင်မချဲ့ထွင်ဟုထုတ်ပြန်ပြီးနောက် PDF တို့၏ တိုက်ခိုက်မှု လုပ် ဆောင်ချက်များ ခက်ခဲသွားနိုင်သော်လည်း မိုင်းခွဲ၍ ဒုက္ခပေးနိုင်သေးကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယကဖြစ်ခဲ့သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးသပ်ပြောဆိုသည်။

MNDAA က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးဟူသော နိုင်ငံရေးရပ်တည်ချက်ကို လုံးဝပြောင်းလဲမည်မဟုတ် ကြောင်း၊ NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်း၊ စစ်မြေပြင်များချဲ့ထွင်ခြင်း၊ မန္တလေးနှင့် တောင်ကြီးတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း စက်တင်ဘာလ ၁၈ ရက်ညပိုင်းတွင် ထုတ်ပြန်ထားသည့်အပေါ် ယင်းက အထက်ပါအတိုင်း သုံးသပ်ပြခြင်း ဖြစ်သည်။

“သက်ရောက်မှုဘာတွေ ရှိလာမလဲဆိုတော့ သူတို့(MNDAA) မပါဘူး၊ ပလောင်လည်းမပါဘူးဆိုရင် ကျန်တဲ့လက်နက်ကိုင်တွေ ဘယ်လောက်လုပ်နိုင်မလဲဆိုတာကို စောင့်ကြည့်ရမှာပေါ့။ PDF က ဒုက္ခတော့ပေးနိုင်ပါတယ်။ ကားလေး နှစ်စီး၊ သုံးစီးနဲ့ ဟိုသွားလိုက် မိုင်းခွဲလိုက်နဲ့ ဒုက္ခတော့ပေးနိုင်တယ်။ ဒါပေမဲ့ ကြီးကြီးကျယ်ကျယ်လုပ်နိုင်ဖို့ ခက်လိမ့်မယ်။ PDF အဖွဲ့တွေဘက်က ရန်ကုန်ကိုဆင်းတော့မလိုမျိုး၊ ဒေါက်တာဇော်ဝေစိုးပြောသလို မန္တလေးကို အပြတ်ရှင်းတော့မလို ပစ္စည်းပစ္စယမရှိဘဲ သိမ်းမယ်ဆိုတာ နည်းနည်းတော့ဝါဒဖြန့်ချိတာမျိုးဖြစ်သွားတာပေါ့”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက MT News ကို ပြောပြသည်။

MNDA ၏ ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံအနေဖြင့် လက်ရှိတစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးဝါးလာသော မြန်မာ နိုင်ငံ၏အခြေအနေကို ကြားဝင် စေ့စပ်ဖြေရှင်းပေးရန် အထူးမေတ္တာရပ်ခံထားသည်ကိုတွေ့ရသည်။ ၎င်းတို့အနေဖြင့်လည်း ချက်ချင်းအပစ်အခတ်ရပ်စဲပြီး တရုတ်နိုင်ငံနှင့် တက်တက်ကြွကြွပူးပေါင်း၍ ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံးဆွေးနွေးသောလမ်းစဉ်ဖြင့် အဖြေရှာဖြေရှင်းသွားမည်ဟု ဖော်ပြထားသည်။

အလားတူ နိုင်ငံတော်မှခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာကိုလုယူခြင်း၊ လွတ်လပ်ရေးရယူပြီး နိုင်ငံတော်အသစ် ထူထောင်ခြင်းများ လုံးဝ ပြုလုပ်မည်မဟုတ်ကြောင်း၊တရုတ် သို့မဟုတ် မြန်မာကိုဆန့်ကျင်သော နိုင်ငံခြားအသိုင်းအဝိုင်းများနှင့် မပူးပေါင်းခြင်း၊ မဆက်ဆံခြင်း၊ မဟာမိတ် မဖွဲ့ခြင်းမှာလည်း MNDAA ၏ နိုင်ငံရေး Redline ဖြစ်ကြောင်း ဖော်ပြထားသည်။

“ဒါက ပယောဂမပါပါဘူး။ သူတို့ရဲ့ရင်ထဲရှိတဲ့အခြေအနေမှန်ကိုပြောတာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ကို နိုင်ငံရေးအရ ခုတုံးလုပ်နေတဲ့အဖွဲ့တွေလည်းရှိတယ်။ နောက် သူတို့တပ်တွေပဲ မန္တလေးတိုက်တော့မလိုလို၊ တောင်ကြီးသိမ်းတော့မလိုလို၊ အဲဒါတွေက သူတို့အနေနဲ့မလုပ်ဘူးဆိုတာ ပွင့်ပွင့်လင်းလင်းပြောတော့ တရုတ်ရဲ့စီးပွားရေး စီမံကိန်းနေရာလောက်ပဲ ဖမ်းသိမ်းထားတာကိုး။ အဲဒီစီးပွားရေးစီမံကိန်းမရှိတဲ့‌နေရာတွေကို သူတို့ဘာမှမလုပ်ပါဘူး။ အဲဒါကို စိတ်မဝင်စားတော့ပါဘူး။ အဲဒါကို ဆက်လုပ်ဖို့က မြန်မာသူပုန်လို့ခေါ်တဲ့ PDF တွေပါပဲ။ PDF တွေမှာလည်း ပစ္စည်းပစ္စယထောက်ပို့ လုံလုံလောက်လောက်ရှိမယ့်ပုံ မပေါ်ပါဘူး။သေနတ်ကျည်ဆံလေး လေး၊ ငါး၊ ခြောက်ဆယ်ရှိရုံနဲ့မြို့သိမ်းလို့ရတာမှ မဟုတ်တာ။ သေနတ်တစ်လက်ကို ကျည်ဆံတစ်ထောင် လောက်ထမ်းထားနိုင်မှတော်ရုံကျတာ။သေနတ် အငယ်နဲ့မရဘူးလေ။ သေနတ်အလတ်တွေသေနတ်အကြီးတွေအကုန်သုံးရတာလေ။ ရှော့တိုက်ဒုံးတို့ ဒရုန်း တို့လို ရာနဲ့ချီသုံးရတော့‌ မြေပြင်က PDF တပ်တွေမှာ အဲဒီပစ္စည်းတွေရှိရဲ့လားဆိုတာကို မေးခွန်းထုတ်လို့ရပါတယ်။ အဲဒါလည်း သိသိသာသာ၊ မသိမသာမြောက်ပိုင်းအဖွဲ့တွေက သူတို့နဲ့သဘော တူညီချက်ရပြီးပူးပေါင်း ဆောင်ရွက်သလိုလို ခဏ ခဏဝါဒဖြန့်တော့ သူတို့လည်းရိုးရိုးသားသား ပြန်ထုတ်ပြန်တယ်။ အဲဒါကို ဝါဒဖြန့်မှုတွေ မဖြစ်လာနိုင်အောင်ပေါ့”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ထောက်ပြပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *