September 20, 2024

၂၀. ၉. ၂၀၂၄
Translated by Htwe Ko Tun

ဘင်္ဂါလီလူမျိုးတစ်ဦးအား စက်တင်ဘာလ ၁၈ ရက်က လူအုပ်ဖြင့် တရားလက်လွတ် ဝိုင်းဝန်းစစ်ဆေးကာ သေဒဏ်ပေးခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကာဂရတ်ချ်ဟာရီမြို့တွင် ဖြစ်ပျက်လာသော မီးရှို့မှုများနှင့်အကြမ်းဖက်တိုက်ခိုက်မှုများတွင် အနည်းဆုံး လူသုံးဦးသေဆုံး၍ ၁၇ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

စစ်တကောင်းမြို့ရဲတပ်ဖွဲ့မှ လက်ထောက်ရဲမှူးချုပ် အာဆနမ် ဟာဘစ် ပါလက်ချ် ကလည်း အဆိုပါအကြမ်းဖက်ဖြစ်ရပ်ကို စက်တင်ဘာလ ၂၀ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ ဖြစ်ရပ်တွင် စက်တင်ဘာလ ၁၉ ရက် ည ၁၀ နာရီခွဲခန့်တွင် မြို့၏နယ်မြေအများအပြား၌ သေနတ်သံများကြားခဲ့ရပြီး မြို့နေလူထုမှာ ကြောက်ရွံ့တုန်လှုပ်ခဲ့ကြသည်။ ပစ်ခတ်မှုများက ညဉ့်နက်ပိုင်းအထိ ကြားနေရသည်ဟု ဆိုသည်။

သေဆုံးသူများအနက် တစ်ဦးဖြစ်သော ဒါနန်းဂျေး ချက်မာ ဆိုသူမှာ စက်တင်ဘာလ ၁၉ ရက် ညနေ ပစ်ခတ်မှုများအတွင်းသေဆုံးခဲ့ခြင်းဖြစ်ပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာများဖြင့် ဆေးရုံသို့သယ်အသွား ညဉ့်နက်ပိုင်းတွင်သေဆုံးခဲ့ခြင်းဖြစ်သည်။

ထိုပစ်ခတ်တိုက်ခိုက်မှုများက အမ်ဒီ မာမန်ဟု အမည်သိရသော ဘင်္ဂါလီလူမျိုးတစ်ဦးသေဆုံးအပြီးတွင် ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ မာမန်ဆိုသည့် ဘင်္ဂါလီက ကာဂရတ်ချ်ဟာရီမြို့အတွင်း မော်တော်ဆိုင်ကယ်တစ်စီးကို ခိုး ယူခဲ့သည်ဟု သံသယများဖြင့် စက်တင်ဘာလ ၁၈ ရက်တွင် လူအုပ်ကြီးဖြင့် ဝိုင်းဝန်း၍ အသေရိုက်နှက်ခဲ့ကြခြင်းဖြစ်သည်။

ဘင်္ဂါလီလူမျိုးများက ထိုဖြစ်ရပ်အား ဆန့်ကျင်ကာ ကာဂရတ်ချ်ဟာရီမြို့၊ ဒစ်ဟီနာလာ နယ်မြေတွင် စက်တင် ဘာ ၁၉ ရက် မွန်းလွဲပိုင်း၌ စုရုံးကာ ဆန္ဒပြခဲ့ကြခြင်းလည်းဖြစ်သည်။ ထိုချီတက်ဆန္ဒပြမှုကို အခြား လူမျိုးစုအုပ်စုအချို့က ပိတ်ဆို့ရန်ကြိုးစားရာမှ တိုက်ခိုက်မှုများဖြစ်ရခြင်းဟုလည်း ဆိုကြသည်။ ထို့ပြင် ဘင်္ဂါလီတို့က အခြား လူမျိုးစုတို့ပိုင်ဆိုင်သော အိမ်များနှင့်ဆိုင်များကို မီးရှို့မှုများဖြစ်ခဲ့ရာတွင် ၎င်းတို့မှာ တောင်ကုန်းများရှိရာ ဘက်သို့ ထွက်ပြေးခဲ့ကြရသည်ဟုလည်း ဆိုသည်။

Ref- Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *