September 20, 2024

၂၀. ၉. ၂၀၂၄
Translated by Htwe Ko Tun

တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ တောင်ပိုင်းဒေသမှာရှိတဲ့ ဂျပန်ကျောင်းတစ်ခုမှာ ကျောင်းတက်နေတဲ့ ဆယ်နှစ်အရွယ် ဂျပန်ကျောင်းသားတစ်ဦး စက်တင်ဘာလ ၁၈ ရက်က ဓားနှင့်အထိုးခံရလို့ သေဆုံးခဲ့ရပြီးနောက် တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက တရုတ်နိုင်ငံအတွင်းရှိ ဂျပန်လူမျိုးတွေ ပိုမိုစိတ်ချလုံခြုံမှုရှိစေရေးဆောင် ရွက်ပေးဖို့ စက်တင်ဘာလ ၂၀ ရက်မှာ တောင်းဆိုပြောကြားခဲ့ပါတယ်။

စက်တင်ဘာလ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တစ်ခုမှာ ဂျပန်သံအမတ် ကင်ဂျီ ကာနာတူဂီက တရုတ်အစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆန်ဝေဒုန်နဲ့ ဖုန်းဆက်သွယ်စကားပြောခဲ့တယ်လို့လည်း သံရုံးက ဖော်ပြထားပါ်တယ်။

ကြေညာချက်မှာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆန်ရဲ့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တုံ့ပြန်ပြောကြားမှုကို ဖော်ပြခြင်းမပြုသော်လည်း ဂျပန်အစိုးရအနေနဲ့ တရုတ်အစိုးရကို တရုတ်နိုင်ငံအတွင်းမှာနေနေကြတဲ့ ဂျပန်လူမျိုးတွေ ပိုမိုဘေးအန္တရာယ်ကင်းစေဖို့ အစွမ်းကုန်ဆောင်ရွက်ပေးဖို့ အာမခံချက်ပေးဖို့နဲ့ ဒီအမှုမှာလည်း အသေးစိတ်အချက်တွေ ထုတ်ပြန်ပံ့ပိုးပေးဖို့ တိုက်တွန်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

အဆိုပါ ဓားထိုးခံရတဲ့ ကျောင်းသားငယ်က ဂွမ်ဒုံပြည်နယ်ရှိ ရှင်းကျန့် ဂျပန်ကျောင်းမှာ ကျောင်းတက်နေတာဖြစ်ပြီး စက်တင်ဘာလ ၁၈ ရက်က ကျောင်းသို့အသွား ကျောင်းအနီးအရောက် ဒေသစံတော်ချိန် နံနက် ၈ နာရီခန့်မှာ ဓားနဲ့အထိုးခံရကာ စက်တင်ဘာလ ၁၉ ရက် နံနက်အစောပိုင်းမှာ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ဓားနဲ့ထိုးသူကို ဖမ်းမိခဲ့ပြီး အသက် ၄၄ နှစ်ရှိ Zhong လို့သာ သိထားကြပါတယ်။

တရုတ်နဲ့ ဂျပန်နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးက မပြေမလည်ဖြစ်နေခဲ့ရတဲ့နောက် ပြီးခဲ့တဲ့လတွေမှာတော့ တရုတ်နိုင်ငံအတွင်းရှိ ဂျပန်ပညာရေးသင်ကြားမှုစခန်းတွေအနီးမှာ ခုလိုတိုက်ခိုက်မှုတွေ ဖြစ်ရတာ ဒုတိယအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံတမန်ဟောင်းတစ်ဦးကတော့ ခုလိုတိုက်ခိုက်မှုတွေက တရုတ်နိုင်ငံမှာ ဂျပန်စာသင်ကြားမှုကို နှစ်ပေါင်းများစွာဆန့်ကျင်လာမှုရဲ့ ရလဒ်လို့ဆိုခဲ့ပါတယ်။

Ref- CNA

Leave a Reply

Your email address will not be published. Required fields are marked *