September 20, 2024

၂၀.၉. ၂၀၂၄
Written by Nay Moe

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ (၁၀၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်း အပါအဝင်သုံးဦး ဒီနေ့ စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းက ရပ်ကွက်ရုံးမှာ ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ကနဦး သိရပါတယ်။

လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ တယ်လီဂရမ်သတင်းဌာနတွေမှာ‌လည်း တောင်ဒဂုံမြို့နယ်၊ (၁၀၇) ရပ်ကွက်၊ ငုဝါမြိုင်လမ်းက အုပ်ချုပ်ရေးမှူးရုံး‌ရှေ့မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး၊ ရပ်ကွက်ရုံးစာရေးတို့ ဒီနေ့ စက်တင်ဘာ ၂၀ ရက် မနက် ၉ နာရီ ၂၀ မိနစ်က ပစ်ခတ်ခံရပြီး အသက် ၆၇ နှစ်အရွယ် အုပ်ချုပ်ရေးမှူးဦးကြည်ထွန်းနဲ့ အသက် ၆၀ အရွယ် ရာအိမ်မှူးဦးဆွေထွန်းအောင်တို့ သေဆုံးသွားပြီး ရပ်ကွက်ရုံးစာရေး ဦးမျိုးမြင့်ထွန်း (ခ) သားကြီး ဒဏ်ရာရရှိခဲ့တယ်လို့ ‌ဖော်ပြထားပါတယ်။

PDF တစ်ဦးသုံးစွဲနေတဲ့ အကောင့်တစ်ခုမှာလည်း ၁၀၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးကြည်ထွန်းတို့ကို သတ်ဖြတ်ဖို့ ရပ်ကွက်အတွင်း သတင်းလှည့်လည်စုံစမ်းတာနဲ့ သတ်ဖြတ်တဲ့အချိန်အသုံးပြုဖို့ဆိုင်ကယ်ဆီဖိုးအသုံးစရိတ် ၃၆၀၀၀၀ ခန့်ကုန်ကျတယ်လို့ ဖော်ပြထားပြီး ကျည် ၁၀ တောင့်အသုံးပြု သတ်ဖြတ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက်ကလည်း တောင်ဒဂုံမြို့နယ်၊ (၁၀၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို PDF တွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ အဲဒီအချိန်က ရာအိမ်မှူး ဦးဆန်းလွင် သေဆုံးပြီး အုပ်ချုပ်ရေးမှူး ဦးကြင်စိုးနဲ့ ဆယ်အိမ်မှူးတယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပြီး လက်ရှိပစ်ခတ်သတ်ဖြတ်မှုကိုတော့ PDF တွေဘက်က ဝန်ခံလာတာ မရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *