September 20, 2024

၂၀. ၉. ၂၀၂၄
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ ရှိတ်ဟာစီနာဟာ နိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေအကြား ဩဂုတ်လ ၅ ရက်က ရာထူးမှနုတ်ထွက်ကာ နိုင်ငံကနေ ထွက်ပြေးသွားခဲ့ပြီးတဲ့နောက် ၄၅ ရက်အကြာ စက်တင်ဘာလ ၁၉ ရက်မှာတော့ ဟာစီနာအပေါ် တရားရုံးတွေမှာ အမှုဖွင့်တရားစွဲထားတဲ့အမှုပေါင်း ၁၅၀ အထိ ရှိလာတယ်လို့ သိရပါတယ်။

ဒီလို အမှု ၁၅၀ နဲ့တရားစွဲထားရာမှာ အမှု ၁၄၀ က လူသတ်မှုတွေဖြစ်ကြပြီး ဆယ်မှုကတော့ လူသတ်မှုပြုရန် ကြံစည်မှု၊ ခြိမ်းခြောက်မှု၊ အနှောင့်အယှက်ပြုမှုနဲ့ ကိုယ်ထိလက်ရောက်စော်ကားမှုတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ ဒီအမှုတွေအားလုံးကို ရဲစခန်း ၃၁ ခုကနေတစ်ဆင့် ဒက်ကာမြို့ရှိ အောက်ရုံးတရားသူကြီးတွေထံ အမှုဖွင့်တရားစွဲထားတာပါ။

ပထမဆုံးလူသတ်မှုကိုတော့ ဩဂုတ်လ ၁၃ ရက်က တရားစွဲအမှုဖွင့်ခဲ့တာဖြစ်ပြီး ဒီအမှုမှာ ရှိတ်ဟာစီနာနဲ့ အဝါမီပါတီ အထွေထွေအတွင်းရေးမှူး အိုဘေဒူလ် ကွေဒါတို့အပါအဝင် လူခုနှစ်ဦးကို ဇူလိုင်လ ၁၉ ရက်က ဒက်ကာမြို့၊ မိုဟမ်မာပူမြို့နယ်မှာ ရဲတွေရဲ့ ဆန္ဒပြသမားတွေကို ပစ်ခတ်မှုအတွင်း အဘူဆာရက်ခေါ်တဲ့ ကုန်မျိုးစုံဆိုင်ပိုင်ရှင်တစ်ဦးသေဆုံးခဲ့ရမှုအတွက် လူသတ်မှုနဲ့ အမှုဖွင့်ခဲ့တာပါ။

ဒီအမှုတွေမှာ အမှုတော်တော်များများက ဟာစီနာတစ်ဦးတည်းမဟုတ်ဘဲ အခြားသူတွေကိုပါ ပူးတွဲတရားစွဲကြတာဖြစ်ပေမယ့် အမှုတိုင်းမှာ အဓိက တရားစွဲသူကတော့ ဝန်ကြီးချုပ်ဟောင်း ဟာစီနာပါပဲ။ အမှုတစ်ခုမှာဆိုရင်တော့ ဟာစီနာနဲ့အတူ အခြား ၁၄၄ ဦးကို ပူးတွဲတရားစွဲခဲ့တာပါ။

အမှုတစ်ခုမှာတော့ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေပြုခဲ့မှုနဲ့ ဟာစီနာအပြင် ရွေးကောက်ပွဲ ကော်မရှင် ဗဟိုကော်မတီအဖွဲ့ဝင်သုံးဦးအပါအဝင် လူ ၁၈ ဦးကိုပါ အမှုဖွင့်တရားစွဲထားပါတယ်။

Ref- Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *