၂၀.၉.၂၀၂၄
Written by Hey Mar
ရန်ကုန်မြစ် ဒီရေတိုးလာတာကြောင့် ဆက်စပ်ချောင်းလက်တက်တွေဖြစ်တဲ့ ငမိုးရိပ်ချောင်း၊ ပုဇွန်တောင်ချောင်းရေတိုးနေပြီး ရပ်ကွက် မြောင်းကျယ်တွေဆီပါ ရေဝင်လာတဲ့အတွက် ချောင်းမြောင်းပတ်စီးရာအနီးအနားက မြို့နယ်တွေရဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်တဲ့အခြေအနေ ဒီကနေ့ စက်တင်ဘာ ၂၀ ရက် မနက်အစောပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ငမိုးရိပ်ချောင်းရေကြောင့် မြောက်ဒဂုံ၊ သင်္ဃန်းကျွန်းနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာ ရေဝင်ရောက်မှုတွေရှိနေပြီး ပုဇွန်တောင်ချောင်းရေကြောင့် ရန်ကုန်မြို့ သီတာဆိပ်ဘက်မှာရှိတဲ့ ပုဇွန်တောင်မြို့နယ် ၃ ရပ်ကွက်၊ ၄ ရပ်ကွက်၊ ၅ ရပ်ကွက်နဲ့ ၆ ရပ်ကွက်ဘက်တွေမှာ ရေဝင်ရောက်မှုရှိသလို ပုဇွန်တောင် ရေကျော်နဲ့ ၄၉ လမ်း အောက်ဘလောက်ဘက်မှာလည်း ရေဝင်ရောက်လာတယ်လို့ ဒေသခံတချို့ထံကနေ သိရပါတယ်။
ပုဇွန်တောင် ၆ ရပ်ကွက်မှာ နေထိုင်သူဒေသခံတစ်ဦးက ” ဒီဘက်က ကမ်းနားပိုင်းကျတော့ ရေတက်တာက မနက်အစောကဆို ဒူးအထက်လောက်ရှိတယ်။ တစ်ပေခွဲလောက်တက်တဲ့ အနေအထား၊ နှစ်တိုင်းတော့ လပြည့်လကွယ် ဒီရေတိုးရင် တက်နေကြပါပဲ။ အခုလို အခြေအနေလောက်တော့ တက်တယ်။ ဒါပေမယ့် ဒီနှစ်က ရန်ကုန်မြစ်ရဲ့ ထူးကဲဒီရေတက်မယ်လည်း ကြေညာထားတော့ သတိထားစောင့်ကြည့်နေပါတယ်” လို့ MT News ကို ပြောပါတယ်။
ငမိုးရိပ်ရေလှောင်တမံရဲ့ ရေပြည့်မှတ်အထက် ၁၀၇ ပေရဲ့ အထက်ကို စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းကစပြီး ၂ ပေခန့် ရေကျော်လွန်နေပြီဖြစ်ကာ အခုမနက် စက်တင်ဘာ ၂၀ ရက်မှာတော့ အဆိုပါချောင်းနဲ့နီးစပ်ရာ ရပ်ကွက်တွေမှာ ရေတွေဝင်ရောက်လာတာဖြစ်ပါတယ်။
သင်္ကန်းကျွန်း ကြီးပွားရေး မြောက်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက “မနက်ကတော့ ရေတက်လာတာ ကားသေးတွေ တစ်ဝက်ကျော်လောက်မြုပ်တယ်။ ကျွန်မက အထပ်မြင့်ဆိုတော့ အောက်မှာဘယ်အချိန်ထဲက ရေတက်မှန်းမသိပေမယ့် မနက် ၆ နာရီကျော်လောက်မှာ ရေကပြန်ကျနေပြီ။ ဆင်းတာ တအားမြန်တယ်။ ရပ်ကွက်ထဲ အမှိုက်တွေတော့ တင်ကျန်ခဲ့တာပေါ့။ မိုးမရွာလို့တော်သေးတယ်” လို့ သူကြုံရတာကို ပြောပါတယ်။
ရန်ကုန်မြစ်အတွင်း စက်တင်ဘာလ ၁၇ ရက်နေ့မှ စက် တင်ဘာလ ၂၃ ရက်နေ့အထိသာမာန်ထက် ထူးကဲဒီရေ အမြင့် ၂၂ ပေ ကျော်ထိ ရေတက်နိုင်တာကြောင့် မြစ်ကမ်းအနီးနဲ့ အနိမ့်ပိုင်းနေထိုင်သူတွေ ရေတက်လာမယ့်အခြေအနေကို သတိပြုကြဖို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကလည်း ထုတ်ပြန်ထားပါတယ်။ ပဲခူးမြစ်နဲ့ လှိုင်မြစ်က ရန်ကုန်မြစ်နဲ့ ပေါင်းပြီး ပင်လယ်ဝကို ထွက်တာမို့ ရန်ကုန်မြစ် ဒီရေတက်ရင် လှိုင်မြစ်နဲ့ ပဲခူးမြစ်မှာ ရေတန့်နေတတ်ပြီး မိုးများပြီး မိုးရွာပါက ရေစီးဆင်းမှု့ နှောင့်နှေးစေတယ်လို့လည်း မိုးလေဝသနဲ့ ရာသီဉတုပြောင်းလဲခြင်းကို စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ဆိုပါတယ်။ ရန်ကုန်မြစ်ရေ ဒီရေတက်ပါက ရေက ဧရာဝတီတိုင်းဒေသကြီး ဇလွန်၊ ဟင်္သာတဘက်ထိ ရေထောက်တယ်လို့ သိရပါတယ်။
ဦးဝင်းနိုင်က “၁၇ ရက်နေ့ကနေ ၂၁ရက်နေ့အတွင်း မိုးမများရင်တော့ ရန်ကုန်ဘက် အခြေအနေကောင်းပါတယ်။ ပင်လယ်ဒီရေတက်ရင် ရန်ကုန်မြစ်ရေ ပင်လယ်ထဲ စီးဆင်းမှု နှောင့်နှေးသွားတာပေါ့ဗျာ။ မိုးများရင် ရေစီးဆင်းမှုမကောင်းတော့ဘူး။ ပင်လယ်ရေက တောင့်ခံထားတော့ မြစ်ရေပါ ပိုမြင့်လာတာပေါ့။”လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။