September 20, 2024

၂၀. ၉. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပြင်ဘက်တစ်နေရာမှာ အသက် ၆၄ နှစ်အရွယ် အေရွန်အမည်ရှိ ထိုင်းအမျိုးသမီးတစ်ဦးဟာ စက်တင်ဘာလ ၁၇ ရက် ညနေပိုင်းက အိမ်မှာဟင်းချက်နေတုံး ခြေထောက်ကို အဆက်မပြတ်ကိုက်တဲ့ဝေဒနာကို ခံစားခဲ့ရတယ် ဆိုပါတယ်။ ဒါကြောင့် အောက်ကိုငုံ့အကြည့်လိုက်မှာတော့ မြွေတစ်ကောင်က သူ့ရဲ့ခြေထောက်ကို ကိုက်ခဲပြီး အရှေ့ကိုတိုးလာနေတာ တွေ့ခဲ့ရပါတယ်။

ဒီနောက်မှာတော့ အဲဒီမြွေက အေရွန်ကို လဲကျသွားတဲ့အထိ ရစ်ပတ်ထားလိုက်ပါတယ်။ အေရွန်လည်း လွတ်မြောက်ဖို့ကြိုးစားခဲ့ပေမယ့် မြွေက နှစ်နာရီကြာခန့် သူ့ကိုတင်းကျပ်စွာရစ်ပတ်ထားမှုက လုံးဝရုန်းမထွက်နိုင်ဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

အေရွန်လည်းအော်ဟစ်ပြီး အကူအညီတောင်းပေမယ့် အစပိုင်းမှာ ဘယ်သူမှမကြားခဲ့ကြပါဘူး။ နောက်ဆုံးအိမ်နီးချင်းတစ်ဦးက အေရွန်ရဲ့ ဘေးဒုက္ခရောက်နေတဲ့အော်သံကိုကြားရပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြား အကူအညီတောင်းခဲ့တာပါ။

ဘန်ကောက်မြို့တောင်ပိုင်း၊ ဆာမွတ်ပရာခန်ပြည်နယ်အတွင်း ဖရာဆာမွတ်ချီဒီ ရဲစခန်းမှ ရဲတပ်ကြပ်ကြီး အနျူဆွန် ဝန်မာလီက “အမျိုးသမီးလည်း ကြမ်းပေါ်မှာ လဲကျနေပြီး စပါးအုံးမြွေက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားတာမြင်တော့ ကျွန်တော်တို့တောင် တော်တော် တုန်လှုပ်သွားမိတယ်။ မြွေကတော်တော်ကြီးပြီး အေရွန်ရဲ့ခါးလောက်ထိ ရောက်အောင် ရစ်ပတ်ထားတာပဲ” လို့ ပြောခဲ့ပါတယ်။

ဖြစ်ရပ်မှာ အေရွန်ကို ကယ်တင်နိုင်ဖို့ ကယ်ဆယ်ရေးသမားတွေကလည်း နာရီဝက်လောက်ကြိုးစားခဲ့ကြရပါတယ်။ ဒီနောက် အေရွန်ကိုတော့ ဆေးရုံကိုပို့ပေးခဲ့ပြီး မြွေကတော့ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောခဲ့ပါတယ်။ အဖြစ်အပျက်ကို ရဲတပ်ဖွဲ့က ဗီဒီယို ရိုက်ယူထားလိုက်နိုင်ပါတယ်။

အပူပိုင်းဒေသနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ မြွေမျိုးစိတ် ၂၅၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။ ဒီထဲမှာ စပါးအုံးမြွေ မျိုးစိတ်သုံးခု ပါဝင်တယ်လို့ ထိုင်းအမျိုးသားဥယျာဉ်က ပြောပါတယ်။စပါးအုံးမြွေတွေက အဆိပ်မရှိပါဘူး။ သားကောင်ကိုရစ်ပတ်ကာ ခန္ဓာကိုယ်အတွင်း သွေးစီးဆင်းမှုမရှိနိုင်တော့တော့တဲ့အထိ တင်းကျပ် စွာညှစ်သတ်ပြီးနောက် အကောင်လိုက်မျိုချတတ်ကြတာပါ။

Ref- CNN

Leave a Reply

Your email address will not be published. Required fields are marked *