၂၀.၉.၂၀၂၄
Written By Thandar
လက်ရှိ ရေဘေးသင့် ပြည်သူတွေကို လှူဒါန်းဖို့အတွက် မြန်မာလက်ဝှေ့ချန်ပီယံတစ်ဦးဖြစ်ခဲ့တဲ့ ထွန်းထွန်းမင်းရဲ့ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံခါးပတ်ကို အမည်မဖော်လိုသူတစ်ဦးက ကျပ်သိန်း ၅၀၀ နဲ့ လေလံအောင်ခဲ့ပါတယ်။
“ကျွန်တော့ဘဝမှာ ပထမဦးဆုံးရရှိခဲ့တဲ့ မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရေးဘေးသင့်နေကြတဲ့ ပြည်သူများအတွက် လေလံတင်ပြီးရောင်းချခဲ့တာကို ဒီနေ့ အမည်မဖော်လိုသူတစ်ဦးက ကျပ်သိန်း ၅၀၀ နဲ့ ပေးခဲ့တာပါ။ တကယ်တော့ ကျွန်တော်က ဒီခါးပတ်ကိုရရှိဖို့ အသက်နဲ့ရင်းပြီး ကြိုးစားခဲ့တာပါ။ တစ်ဖက်တစ်လမ်းက ခုလိုပါဝင်ကူညီပေးလို့လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တန်ဖိုးထားမြတ်နိုးတဲ့ ခါးပတ်ကရတဲ့ သိန်း ၅၀၀ ရေဘေးသင့် ပြည်သူတွေရဲ့ တကယ်လိုအပ်နေတဲ့နေရာတွေ ကိုယ်တိုင်သွားလှူသွားမှာပါ။ ဒီခါးပတ်ရဲ့ အလှူငွေကိုလည်း ကျွန်တော့်အတွက် တစ်ပြားတစ်ချပ်မှ မသုံးပါဘူး။ အကုန်လှူသွားမှာပါ”လို့ ထွန်းထွန်းမင်းက ပြောပါတယ်။
အဆိုပါ လေလံတင်ရက်ကိုတော့ စက်တင်ဘာ ၁၂ ရက်နေ့က စတင်ဖွင့်ခဲ့ပြီးတော့ စက်တင်ဘာ ၂၀ရက်နေ့မှာ ကြေညာထားခဲ့တာပါ။
ဒီခါးပတ်ရောင်းချရငွေ ကျပ်သိန်း ၅၀၀ ကို တစ်ပြားတစ်ချပ်မကျန် အကုန်လုံးကို ကလော၊ ရမည်းသင်း စတဲ့ လူအရောက်အပေါက်နည်းတဲ့ နေရာတွေကို သွားရောက်လှူဒါန်းသွားမှာလည်းဖြစ်ပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းအနေနဲ့ လာမယ့် စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းမှာ ရိုးရာလက်ဝှေ့ကျော် ကျော်စွာဝင်းနဲ့ မြန်မာပြည်ချန်ပီယံ ခါးပတ် စိန်ခေါ်ပွဲအတွက် ယှဉ်ပြိုင်ထိုးသတ်ဖို့ရှိနေတာပါ။