September 20, 2024

MT News
၂၀. ၉. ၂၀၂၄

အပူပိုင်းမုန်တိုင်း Soulik ကြောင့် ယနေ့နံနက်မှ စက်တင်ဘာ ၂၅ ရက်အထိ ပြည်နယ်နှင့်တိုင်း ၁၃ ခုတွင် မိုးထစ်ချုန်းရွာခြင်းနှင့် လေပြင်းတိုက်ခတ်နိုင်၍ သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့နံနက်တွင် အသိပေးထားသည်။

ယနေ့မြန်မာစံတော်ချိန် နံနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်း ဒေသများကို ဖြတ်ကျော်ခဲ့သော အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ် (Soulik)”သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ လာအိုနိုင်ငံအလယ်ပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်ခဲ့ကာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့သည်။ အဆိုပါ ကုန်တွင်းမုန်တိုင်းငယ်သည် အနောက်ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ထိုင်းနိုင်ငံအရှေ့ပိုင်းဒေသများတွင် လေဖိအားနည်းဆဲလ်အဖြစ်သို့ အားလျော့သွားနိုင်ကာ၊ နောက် (၂၄)နာရီအတွင်း အကြွင်းအကျန်တိမ်တိုက်များနှင့် လေပွေလှိုင်းသည် မြန်မာနိုင်ငံ၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ကို ဆက်လက် ဖြတ်ကျော်နိုင်သည်။

ထိုမှတစ်ဆင့် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်တို့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပြန်လည်အစပျိုး အားကောင်းလာနိုင်မည်​​ဖြစ်သည်။

အဆိုပါ ဖြတ်ကျော်လာနိုင်သည့် လေပွေလှိုင်း၏အရှိန်ကြောင့် ယနေ့နံနက်မှ စက်တင်ဘာ ၂၅ ရက်နေ့ အတွင်း နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း နှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြ သူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် သတိပေးနှိုးဆော်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *