September 20, 2024

၂၀.၉. ၂၀၂၄
Written by Shwe Phyo

ဂျပန်နိုင်ငံက အသက် ၁၁၆ နှစ်အရွယ်ရှိ အဘွားအို တိုမီကို အိုင်တိုကာဟာ ကမ္ဘာပေါ်ရှိ သက်ရှိလူသားများအားလုံးထဲမှာ အသက်အကြီးဆုံးလူသားအဖြစ် ဂင်းနစ်စံချိန်တင်လိုက်ကြောင်း သိရပါတယ်။

ကမ္ဘာ့အသက်အကြီးဆုံးလူသားဖြစ်တဲ့ မာရီယာဘရမ်ယက်စ် သေဆုံးခဲ့ပြီးနောက် အိုင်တိုကာဟာ ကမ္ဘာ့အသက် အကြီးဆုံးလူသားဖြစ်လာခဲ့ခြင်း ဖြစ်ပါတယ်။

အိုင်တိုကာ ရဲ့ခင်ပွန်းဖြစ်သူဟာ ၁၉၇၉ ခုနှစ်မှာ သေဆုံးခဲ့ကြောင်း၊ မိခင်ဖြစ်သူဟာ ကိုယ်ပိုင်အချိန်တွေကို တောင်တက်ခြင်းနဲ့ ကုန်ဆုံးလေ့ရှိနေကြောင်း သားဖြစ်သူ ဟီယိုရှီကိုင်က ပြောပါတယ်။ အဘွားအို အိုင်တိုကာဟာ အသက် ၈၀ နှစ်ပြည့်ပြီးချိန်မှာလည်း ခရီးသွားရောက်မှုတွေ၊ တောင်တက်မှုတွေကို အရှိန်လျှော့ချခြင်းမျိုးမရှိဘဲ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၈၀ ပြည့်ပြီးနောက်မှာတော့ အိုင်တိုကာဟာ စေတီ၊ ပုထိုးပေါင်း အနည်းဆုံး ၃၃ ခုကို ထပ်မံသွားရောက်ခဲ့တယ်လို့ သိရပါတယ်။ အိုင်တိုကာဟာ အသက် ၁၀၀ ပြည့်ပြီးချိန်မှာ ဘုရားကျောင်းကို သွားရောက်ရာမှာ တုတ်ကောက်ကိုအသုံးမပြုဘဲ ပုံမှန်အတိုင်း လမ်းလျှောက်သွားခဲ့တယ်လို့လည်း သိရပါတယ်။

ဂင်းနစ်မှတ်တမ်း အဖွဲ့က အဘွားအိုအိုင်တိုကာဟာ လက်ရှိအချိန်မှာ သက်ရှိလူသားတွေထဲ အသက်အကြီးဆုံး လူသားအဖြစ်သတ်မှတ်ခဲ့ပေမယ့် လူသားသမိုင်း တစ်လျှောက်မှာတော့ အသက်အကြီးဆုံးလူတွေထဲမှာ ကမ္ဘာအဆင့် ၂၃ နေရာမှာ ရှိနေတယ်လို့ ဆိုပါတယ်။ အဆိုပါ လူသားသမိုင်းတစ်လျှောက် အသက်အကြီးဆုံးလူများစာရင်းထဲမှာ ကွယ်လွန်သူတွေနဲ့ သက်ရှိတွေကိုထည့်သွင်းတွက်ချက်ခြင်းများရှိခဲ့ကြောင်း သိရပါတယ်။

REF upi.

Leave a Reply

Your email address will not be published. Required fields are marked *