September 20, 2024

MT News
၂၀.၉. ၂၀၂၄

ရေဘေးသင့် ပြည်သူများအတွက် အလှူငွေလက်ခံပွဲကို  ပြည်နယ်နှင့် တိုင်း ၈ ခုတွင် စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီအချိန်၌ ကျင်းပမည်ဖြစ်ပြီး တက်ရောက်လှူဒါန်းလိုသူများ ဆက်သွယ်နိုင်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက အသိပေးထားသည်။

မုန်တိုင်းရာဂီ၏ သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ် အော်တွင်ဖြစ်ပေါ်ခဲ့သော လေဖိအား နည်းရပ်ဝန်းတို့၏ အရှိန်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများတွင် ရေဘေးသင့်ခဲ့ရသည့် ပြည်သူလူထုအား ကူညီထောက် ပံ့နိုင်ရန်အတွက် လှူဒါန်း‌ငွေများကို စက်တင်ဘာ ၂၁ ရက် (စနေနေ့) မွန်းလွဲ(၂)နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် နှင့် ဧရာဝတီ တိုင်းဒေသကြီး တို့၌ လှူဒါန်းမှုများကို အခမ်းအနားဖြင့် လက်ခံသွားမည်ဖြစ်သည်။

လှူဒါန်းလိုသူများအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ (၁)     ဒေါ်လဲ့လဲ့အေး၊  ညွှန်ကြားရေးမှူးချုပ်၊ ဖုန်းနံပါတ် ၀၉-၂၀၂၁၄၉၁၊ ဦးဝင်းရွှေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဖုန်းနံပါတ် ၀၉-၂၅၄၁၇၀၀၁၁ နှင့် ဒေါ်စုစုထွန်း၊ ညွှန်ကြားရေးမှူး၊  ဖုန်းနံပါတ် ၀၉-၄၃၀၀၉၂၉၁ တို့သို့ ဆက်သွယ်စာရင်းပေးကာ တက်ရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်များရှိ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သော မြို့နယ် ၅၆ မြို့နယ်တွင် စက်တင်ဘာ ၁၉ ရက် နံနက် ၇ နာရီအချိန်အထိ ရရှိသောစာရင်းများအရ လူနေအိမ် ၄၄၇၁ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ၁၆၈၇၀၄ လုံး ရေဝင်နစ်မြုပ်ခဲ့သည့်အပြင် ပြည်သူ ၂၉၃ ဦးသေဆုံးကာ၊ ၈၉ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ရေဘေးကယ်ဆယ်ရေးစခန်း စုစုပေါင်း ၄၂၅ ခုဖွင့်လှစ်၍ အိမ်ထောင်စု ၄၇၀၁၉ စု၊ လူဦးရေ ၁၆၁၅၉၂ ဦးတို့ကို ကူညီကယ်ဆယ်ရေးနှင့် လိုအပ်သောထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အပြင် ရုံး/ဌာန အဆောက်အဦ ၁၁၃ လုံး၊ စာသင် ကျောင်း ၉၁၉ ကျောင်း၊ ဘာသာရေးအဆောက်အဦ ၃၃၁ လုံး၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နှင့် ဆက်သွယ်ရေးတိုင်များ ရေဝင်နစ်မြုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကာ တိရစ္ဆာန်မျိုးစုံ စုစုပေါင်းကောင်ရေ ၁၂၉၁၅၀ ကောင် သေဆုံးခဲ့ပြီး စပါးနှင့် သီးနှံမျိုးစုံ စိုက်ဧက ၇၆၆၅၈၆ ဧက ရေဝင်နစ်မြုပ်ခဲ့ကြောင်း သိရသည်။ (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *