September 19, 2024

◾ တိရစ္ဆာန်ကောင်ရေ ၁၂၉၁၅၀ ကောင် သေဆုံးသည့်အပြင် စပါးနှင့် သီးနှံမျိုးစုံ စိုက်ဧက ၇၆၆၅၈၆ ဧက ရေဝင်နစ်မြုပ်

၁၉.၉.၂၀၂၄
Written by Thettant

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်များရှိ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သော မြို့နယ် ၅၆ မြို့နယ်တွင် ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက် ၇ နာရီအချိန်အထိ ရရှိသောစာရင်းများအရ လူနေအိမ် ၄၄၇၁ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ၁၆၈၇၀၄ လုံး ရေဝင်နစ်မြုပ်ခဲ့သည့်အပြင် ပြည်သူ ၂၉၃ ဦးသေဆုံးကာ၊ ၈၉ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ရေဘေးကယ်ဆယ်ရေးစခန်း စုစုပေါင်း ၄၂၅ ခုဖွင့်လှစ်၍ အိမ်ထောင်စု ၄၇၀၁၉ စု၊ လူဦးရေ ၁၆၁၅၉၂ ဦးတို့ကို ကူညီကယ်ဆယ်ရေးနှင့် လိုအပ်သောထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ရုံး/ဌာန အဆောက်အဦ ၁၁၃ လုံး၊ စာသင် ကျောင်း ၉၁၉ ကျောင်း၊ ဘာသာရေးအဆောက်အဦ ၃၃၁ လုံး၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နှင့် ဆက်သွယ်ရေးတိုင်များ ရေဝင်နစ်မြုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကာ တိရစ္ဆာန်မျိုးစုံ စုစုပေါင်းကောင်ရေ ၁၂၉၁၅၀ ကောင် သေဆုံးခဲ့ပြီး စပါးနှင့် သီးနှံမျိုးစုံ စိုက်ဧက ၇၆၆၅၈၆ ဧက ရေဝင်နစ်မြှုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်စခန်းများမှ ပြီးပြီးရောပြန်လွှတ်မည်မဟုတ်ဘဲ မိမိဒေသများပြန်ရောက်ချိန်တွင်လည်း နေထိုင်စားသောက်ရေးတို့အတွက် ဆက်လက်ကူညီသွားမည့်အပြင် နေအိမ် ဆုံးရှုံးမှုများအတွက် လျော်ကြေးများလည်း ပေးသွားမည်ဖြစ်ကြောင်း ယနေ့တွင် ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာမဟာသာသနာ့ဗိမာန် ရေးဘေးရှောင်ကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင် ပြည်သူများထံသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် သွားရောက်အားပေးစကားပြောကြားစဉ် ကတိပေး ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *