၃. ၁၀. ၂၀၂၂
Written by Tha Doe
ထင်ရှားသည့် ကဗျာဆရာ စာရေးဆရာ ကြည်ဇော်အေးသည် အသက် ၄၄ နှစ်ပြည့်ရန် တစ်ရက်အလို အောက်တိုဘာ ၃ ရက်နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကွယ်လွန်ခဲ့ကြောင်း ကျန်ရစ်သူမိသားစုက Kyi Zaw Aye Facebook မှတစ်ဆင့် စာဖတ်သူများကို အသိပေးခဲ့သည်။
အောက်တိုဘာ ၄ ရက်တွင် ၄၄ နှစ်ပြည့်မည့် ကြည်ဇော်အေးသည် အောက်တိုဘာ ၃ ရက် နံနက် ၁ နာရီခွဲတွင် သတိလစ်သွားသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို တင်ပို့ရာ ဦးနှောက်သွေးကြောပေါက်သွားခဲ့သည်ဟု သိရပြီး အောက်တိုဘာ ၃ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကွယ်လွန်ခဲ့သည်ဟု သိရသည်။
”ကိုကြည်ဇော်အေးကို ရေခဲတိုက်ထဲမှာ ထားလိုက်ပါပြီ။ မနက်ဖြန်မနက် ၉ နာရီမှာ ကိုဗစ်အဖြေထွက်ပါမယ်။ Negative ဖြစ်ရင် ကိုယ့်ဘက်က သဂြိုလ်လို့ ရပါတယ်။ Positive ဖြစ်ရင်တော့ ဆေးရုံဘက်က သဂြိုလ်ပါလိမ့်မယ်” ဟု မိသားစုက အသိပေးထားသည်။
ထင်ရှားသည့်ကဗျာဆရာကြည်ဇော်အေးကို ၁၉၇၈ ခုနှစ် အောက်တိုဘာ ၄ ရက်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် မွေးဖွားခဲ့ပြီး ”နှစ်ငါးဆယ်” ကဗျာဖြင့် ပျဥ်းမနား အလယ်ရိုးမ ကဗျာဆုကို ၂၀၁၃ ခုနှစ်တွင် ရရှိခဲ့သည်။ ထိုပြင် ကဗျာချစ်သူလူငယ်များ ကဗျာဆု၊ မောင်ချောနွယ် ကဗျာဆု ( ပြည်မြို့ )၊ ရှားပါးသတ္တဝါ ကဗျာနဲ့ ရသကမ်းခြေကဗျာဆု ( လပွတ္တာမြို့ ) တို့ကိုရရှိခဲ့သည့်အပြင် ၎င်း၏ ကဗျာအချို့ကိုလည်း အင်္ဂလိပ်၊ ပြင်သစ်၊ ဂျပန် ဘာသာများသို့ ဘာသာပြန်ဆိုမှုများ ရှိခဲ့သည်။
”ကိုယ့်ဒေါင့်ချိုးထဲမှာ ကိုယ်နေထိုင်ပါတယ်။ ကိုယ့်စိတ်ကို တနည်းနည်းနဲ့ အနှောက်ယှက်လာပေးသူတွေကို ရှောင်ပါတယ်”၊ ”ဘယ်အစိုးရတက်တက် ချစ်သူမျက်ရည်တစ်စက်ကျရင် တော်လှန်ဖိုအသင့်ပဲ” စသည့်စာသားများ လူမှုကွန်ရက်တွင် ထပ်ဆင့်ဖော်ပြသူများပြား ထင်ရှားခဲ့သကဲ့သို နှစ်ငါးဆယ်၊ ငါ့နာမည်ဂုဏ်သရေရှိ၊တော်လှန်ရေးသမားတယောက်ရဲ့အတ္ထုပ္ပတ္တိ စသည့် ကဗျာများလည်း ထင်ရှားခဲ့သည်။