September 19, 2024

၁၉. ၉. ၂၀၂၄
Written by Tha Doe

အခုရက်ပိုင်းမှာ စက်သုံးဆီတန်းစီရမှု မကြာခဏဖြစ်ပေါ်နေတတ်သလို မနေ့ကစပြီးလည်း စက်သုံးဆီတန်းစီရမှု အနည်းငယ် ပြန်လည်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လလယ်မှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့လို့ သီလဝါဆိပ်ကမ်းက စက်သုံးဆီ Terminal မှာ ဆီထုတ်ဖို့ အခက်အခဲဖြစ်ပေါ်ခဲ့သလို ဓာတ်ဆီဝယ်ယူမှု အခက်အခဲဖြစ်ပေါ်ခဲ့မှုကို Urgent အစီအစဉ်နဲ့ ဖြည့်တင်းပေးတာ၊ နိုင်ငံခြားငွေတွေ ထုတ်ရောင်းပေးခဲ့တာကြောင့် ပြန်လည်အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ ဩဂုတ်လ ၁၀ ရက်ကစတင်ပြီး ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်အချို့ တန်းစီဝယ်ယူရမှု ထပ်မံဖြစ်ပေါ်ခဲ့လို့ ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေကို ဒေါ်လာသန်း ၁၀၀ အထိ ထုတ်ရောင်းပေးခဲ့တာနဲ့ ဆီတင်သင်္ဘော အဆက်မပြတ်‌ရောက်ရှိခဲ့တာကြောင့် ပြန်လည်အဆင်ပြေခဲ့ပေမဲ့လည်း ဩဂုတ် ၃၀ ရက်မှာ ဆီစျေးမြင့်တက်မှုနဲ့ တစ်ကျော့ပြန် ထပ်မံတန်းစီဝယ်ယူရမှုတွေ ရှိခဲ့တာပါ။ ဒါ့အပြင် စက်တင်ဘာ ၁၈ ရက်မှာလည်း ဆီဆိုင်တချို့ တန်းစီဝယ်ယူရမှု မြင်တွေ့ရပါတယ်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟာ ဩဂုတ် ၃၀ ရက်ကစ မြင့်တက်လာခဲ့ပြီး ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၃၁၀၀၊ ဓာတ်ဆီ ၉၅ တစ်လီတာ ကျပ် ၃၂၄၀၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၆၅၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၃၂၉၅ ကျပ်မှာ ရှိခဲ့သလို ဒီနေ့မှာလည်း ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၃၀၅၀၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃၁၃၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၆၁၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၃၂၇၅ ကျပ်နဲ့ ကျဆင်းမှုအနည်းငယ်ပဲ ရှိနေတာပါ။

လက်ရှိမှာလည်း စက်သုံးဆီက ရတဲ့ဆီဆိုင်တွေရှိသလို ဆီပြတ်နေလို့ မရတဲ့ဆီဆိုင်တွေလည်းရှိနေလို့ တန်းစီဝယ်ယူရတယ်ဆိုပေမဲ့လည်း အရင်လို ဆိုးဆိုးရွားရွားအခြေအနေမဟုတ်တာကိုတော့ တွေ့ရပါတယ်။

“မနေ့က နေ့လယ်ပိုင်းလောက်ကတည်းက တန်းစီရတဲ့ဆိုင်တွေက တန်းစီဝယ်နေတယ်။ ဒီနေ့မှာလည်း တန်းစီဝယ်ရတာရှိတယ်။ ဆိုင်တွေကလည်း သူတို့ဆိုင် ဆီခွဲတမ်းနဲ့ လက်ကျန်အပေါ်မှာ ၃၀၀၀၀ ဖိုးရောင်းပေးတဲ့ဆိုင်၊ ၅၀၀၀၀ ဖိုး၊ တစ်သိန်းဖိုး ရောင်းပေးတဲ့ဆိုင်နဲ့ တစ်ဆိုင်နဲ့တစ်ဆိုင်မတူကြဘူး။ အခု ဒီညဆိုရင် တာမွေပတ်လည်မှာ ​ည ၇ နာရီနောက်ပိုင်းက ကျောင်းရှေ့မှတ်တိုင်နား မြတ်မေတ္တာမွန်ရောင်းပေးတယ်။ Max တို့ Regency တို့ ပိတ်နေတယ်” လို့ အငှားယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

တာမွေအဝိုင်းအနီးမှာ ည ၈ နာရီကျော်တဲ့အထိ မြတ်မေတ္တာမွန်ဆီဆိုင်တစ်ဆိုင်သာ ရောင်းပေးနေပေမဲ့ ကားတန်းရှည်ကြီးဖြစ်နေတာမဟုတ်ဘဲ အလွန်ဆုံး ၁၅ စီးလောက်သာ ရှိသလို ဆီဖြည့်လိုသူတွေကလည်း ဆီရောင်းပေးနေတဲ့ဆိုင်တွေ အွန်လိုင်းကရှာတာ၊ ကားတန်းမစီရတဲ့ဆိုင်တွေ အချင်းချင်း ချိတ်ဆက်ရှာဖွေတာ၊ လူမှုကွန်ရက်ပေါ်က စက်သုံးဆီဆိုင် ဆီလက်ကျန်တင်ပေးမှုပို့စ်တွေကို ဖတ်ရှုပြီး သွားရောက်ကြတာမို့လို့ ဆီဆိုင်တစ်ဆိုင်တည်းကို အကြာကြီးတန်းစီနေတာမျိုး အခုနောက်ပိုင်းဆီပြတ်လပ်မှုတွေမှာ မမြင်ရတော့ဘူးလို့လည်း အိမ်စီးယာဥ်မောင်းတစ်ဦးဖြစ်တဲ့ ကိုကိုလတ်က ပြောပါတယ်။

“စက်သုံးဆီ ပြတ်ဖို့မရှိပါဘူး။ လက်ရှိမှာလည်း ဆီချနေတဲ့ သင်္ဘောတွေရှိနေသလို ဆက်ဝင်လာနေတာလည်းရှိပါတယ်။ ဆီပြတ်လပ်တာ၊ ရောင်းတာမတူတာကတော့ တစ်ဆိုင်နဲ့တစ်ဆိုင် ခွဲတမ်းရတာချင်းမတူကြလို့ပါ”လို့ ဆီလုပ်ငန်းရှင်တစ်ဦးက ​ပြောပါတယ်။

NUG နဲ့ PDF တွေဟာ လေယာဥ်ဆီပိတ်ဆို့ဖို့တောင်းဆိုကြရာက တစ်နွယ်ငင်တစ်စင်ပါဆိုသလို စက်သုံးဆီဝယ်ယူတင်သွင်းမှုပါ ခက်ခဲလာတဲ့အပြင် ဒေါ်လာစျေးကစားပြီး ဆွဲတင်မှုတွေနဲ့ ပိတ်ဆို့မှုတွေကြောင့်လည်း ပြည်တွင်းစက်သုံးဆီတင်သွင်းမှုနဲ့ လိုအပ်ချက်ဖြည့်တင်းရာမှာ မကြာခဏ အခက်ကြုံနေရတာဖြစ်ပြီး ဒီဆီပြတ်လပ်မှုကလည်း ပြည်သူ့အပေါ်ပဲ အဓိကသက်ရောက်နေတာပါ။

ပုံစာ။ ယခု ညနေပိုင်းအချိန် ဆီတန်းစီဝယ်ယူမှုနှင့် ည ၈ နာရီခန့်က မြတ်မေတ္တာမွန်ဆီဆိုင်တွင် ဆီတန်းစီနေမှုများမြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *