September 19, 2024

၁၉.၉.၂၀၂၄
Written by KL

အမြန်လမ်းမကြီး နေပြည်တော်-ရန်ကုန်လမ်းပိုင်း မိုင်တိုင် ၁၄၉/၆နှင့် ၁၄၉/၇ကြားတွင် ရမည်းသင်းမြို့သို့ ရေဘေးလှူပြီး ပြန်လာသည့် မော်တော်ယာဥ်မှာ စက်တင်ဘာလ ၁၉ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်က တိမ်းမှောက်ခဲ့ရာ သံဃာ ၇ ပါးနှင့်ယာဥ်မောင်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။

ဖြစ်စဥ်မှာ သံဃာ​တော် ၉ ပါးလိုက်ပါလာသော CANTER အဖြူရောင်မော်တော်ယာဥ်မှာ မှော်ဘီမြို့၊ ပန်းတစ်ပွင့်တောင် ဗုဒ္ဓတက္ကသိုလ်မှ ရမည်သင်းမြို့သို့ ရေဘေးလှုပြီးအပြန် အမြန်လမ်း လမ်းခုလတ်၌ ယာဥ်မောင်းအိပ်ငိုက်ရာမှ လမ်းလယ်ကျွန်းပေါ်သို့ လဲကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်းဖြစ်သူ အသက် ၃၅ နှစ်အရွယ် ဦးထွန်းထွန်းအောင်တွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ ညာလက်ဖျံပွန်းခြစ်ဒဏ်ရာတို့ရရှိခဲ့ပြီး သက်တော် ၂၈ နှစ်အရွယ်မှ ၄၁ နှစ်အရွယ်ရှိ သံဃာတော် ၇ ပါးတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ နဖူးတွင် ဖူးယောင်ဒဏ်ရာ၊ တံတောင် ပွန်းခြစ်ဒဏ်ရာ၊လက်ဖျံပွန်းပဲ့ဒဏ်ရာတို့ရရှိခဲ့ကြောင်း သိရသည်။

“ရေဘေးလှူပြီးအပြန်မှာ ယာဥ်မောင်းအိပ်ငိုက်ပြီး ကားက လမ်းလယ်ကျွန်းပေါ်ကို တက်ပြီးမှောက်သွားတာ။ ဒဏ်ရာရတဲ့ သံဃာတော် ၇ ပါးနဲ့ ယာဥ်မောင်းကို တောင်ငူဆေးရုံကြီးကို ပို့လိုက်ပါတယ်”ဟု အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် ကားရှေ့လေကာမှန်ကွဲခြင်း၊ အမိုးပိန်ချိုင့်ခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် ဇီးပင်သာအမြန်လမ်းရဲစခန်းက ယာဥ်မောင်း ဦးထွန်းထွန်းအောင်ကို ပုဒ်မ ၃၃၈၊ ၃၃၇၊၂၇၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *