September 19, 2024

၁၉.၉.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ) ရပ်ကွက်၊ အကွက်အမှတ် H-၁၉၆၊ (၁၃၉)လမ်းနှင့် (၆၁)လမ်းကြားရှိ Good Will စက်ရုံမှာ မီးပလက်ပေါက်အပူလွန်ကဲ၍ မီးလောင်ရာက ကျပ် သိန်း ၂၂၀ ခန့်ဆုံးရှုံးသွားကြောင်း သိရသည်။

စက်တင်ဘာလ ၁၈ ရက် ည ၆ နာရီ ၃၅ မိနစ်ခန့်အချိန်တွင် Good Will စက်ရုံမှ ပလက်စတစ်အပူပေးသည့်မီးပလက်ကို မဖြုတ်ဘဲထားခဲ့ရာမှတစ်ဆင့် အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းသောကြောင့် အဆိုပါဖြစ်စဥ်နေရာသို့ မီးသတ်တပ်ဖွဲ့ယာဥ်များဖြင့် ၆ နာရီ ၄၆ မိနစ် အချိန်တွင်ထွက်ခွာ၍ ငြှိမ်းသတ်ရာ ည ၇ နာရီခွဲအချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး၊ ၇ နာရီ ၄၈ မိနစ်အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

“ပလပ်စတစ်အပူပေးပြီး မီးပလက်ပေါက်ကို မဖြုတ်မိတာ။ အဲ့ဒီမှာ အပူလွန်ကဲပြီး လောင်တာ။ ဆုံးရှုံးသွားတဲ့အဆောက်အဦတန်ဖိုးက သိန်း ၁၂၀။ ပစ္စည်းတန်ဖိုးက သိန်း ၁၀၀။ စုစုပေါင်း သိန်း၂၂၀ ရှိတယ်။ မီးသတ်တပ်ဖွဲ့ဝင်တစ်ယောက်က မီးခိုးမွှန်ပြီး အောက်ဆီဂျင်ပြတ်သွားတယ်။ အသက်အန္တရယ်တော့ မစိုးရိမ်ရဘူး။ ကောင်းသွားပြီ” ဟု ပြည်ကြီးတံခွန်မြို့နယ်ရှိ မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

မီးပေါ့ဆမူကြောင့် Good Will ပိုင်ရှင်ဖြစ်သူကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ပြည်ကြီးတံခွန်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

Photo – Than Htay

Leave a Reply

Your email address will not be published. Required fields are marked *