September 19, 2024

၁‌၉.၉.၂၀၂၄
Written by Hey Mar

ယာယီရေဘေးရှောင်စခန်းတချို့မှာ အစာအဆိပ်သင့်လက္ခဏာတွေ လူအစုလိုက်အပြုံလိုက်ဖြစ်ပွားလာရတဲ့အတွက် ရေဘေးရှောင်စခန်းတွေကို အစားအသောက်လှူဒါန်းရာမှာ အလှူရှင်တွေအနေနဲ့ ပူပူနွေးနွေးပြင်ဆင်ပြီး သန့်ရှင်းတဲ့အစားအသောက်တွေကိုသာ မြို့နယ်အလိုက် မြို့နယ်ကြီးကြပ်ရေးရုံးရှိ ကြီးကြပ်ရေးအဖွဲ့ စီမံခန့်ခွဲမှုအဖွဲ့ကတစ်ဆင့် ပေးပို့ လှူဒါန်းကြဖို့နဲ့ အဆိုပါအဖွဲ့အနေနဲ့လည်း လှူဒါန်းကြတဲ့အစားအသောက်တွေမှာ သန့်ရှင်းမှုရှိစေရန် ကြီးကြပ်ဆောင်ရွက်ပေးကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။

မနေ့က စက်တင်ဘာ ၁၈ ရက်နေ့ ည ၈နာရီ မိနစ် ၃၀ အချိန်မှာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝါးတီးကျေးလက်ကျန်းမာရေးဌာနအပိုင်၊ ဝက်ဖြူကုန်းကျေးရွာ၊ ရွှေဖြူရတနာစာသင်တိုက်မှာ အလှူရှင်တွေ လာရောက်လှူဒါန်းတဲ့ ကြာဇံကြော်၊ အချဉ်နဲ့ ထမင်း၊ ကြက်ဥမန်ကျည်းမှည့်ချက်‌ဟင်းတွေကို ကျေးရွာနေပြည်သူတွေက စားသုံးပြီး ဗိုက်နာခြင်း၊ အော့အန်ခြင်းနဲ့ ဝမ်းလျှောခြင်းစတဲ့ အစာအဆိပ်သင့်ရောဂါလက္ခဏာတွေ ဖြစ်ပွားခဲ့ပါတယ်။ ဝေဒနာခံစားရတဲ့ လူနာတွေက တောင်ငူပြည်သူ့ဆေးရုံကြီးဆီ ပြင်ပလူနာအဖြစ် (၆၈) ဦး၊ အတွင်းလူနာအဖြစ် (၆၅) ဦး လာရောက်ကုသမှုခံယူခဲ့ပြီး ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး‌တွေက အနီးကပ်ကြည့်ရှုကုသမှုပေးခဲ့ရာ လူနာတွေအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိနေပြီတာကြောင့် ၄၁ ဦးဆေးရုံက ပြန်လည်ဆင်းခွင့် ရရှိပြီလို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်အတွင်း အုတ်တွင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနနဲ့အတူ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့တဲ့ ရင်ခုန်သံရှင်သန်ရေး လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ အရှင်တေဇသီရိက “အကြမ်းဖျင်းတော့ ကျန်းမာရေးက သုံးသပ်ထားတာ ကြာဇံ‌ကြော်ထဲက ဂေါ်ဖီကြောင့်လို့ သုံးသပ်ထားတယ်။ အလှူရှင်တွေကို အပြစ်ပြောလိုတာမဟုတ်ပါဘူး။ အများစာကြော်ရတော့ ဂေါ်ဖီကို ရေသေချာ စင်‌အောင် မဆေးနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး အလှူရှင်တွေအနေနဲ့ ချိတ်ဆက်ဆောင်ရွက်မှုလည်း အားနည်းပါတယ်။ စခန်းတစ်ခုကို ဝင်လိုက်တယ် ပေးသွားတယ်။ မနက်ပိုင်းက ဘာစားထားတယ်၊ ညနေ သူတို့လာပေးတာနဲ့ အစာအတွဲအစပ် သင့်မသင့် ဒါတွေ ဘာမှ စိစစ်လို့မရဘူး။ ကျန်းမာရေးက ဒီကာလထဲ အတော်အလုပ်လုပ်ပါတယ်။ လူဦးရေ ၃၀၀ အထက်ရှိတဲ့ ရေဘေးရှောင်စခန်းတွေဆိုရင် ကျန်းမာရေးဝန်ထမ်းက အထိုင်ချတာဝန်ယူထားတယ်။ ၃၀၀အောက်ဆိုရင်တော့ မိုဘိုင်းစနစ်နဲ့လှည့်ပြီး ကြည့်ပေးနေတဲ့ကြားက ဒီလို ဖြစ်ရတာပါ။ ‌ချက်ချင်းမစားဘူး နေ့ဖို့ ညစာ ချန်တာ၊ ဖော့ဗူးတွေနဲ့ သိမ်းတာ ဒါတွေကို ကျန်းမာရေးဝန်ထမ်းတွေကလည်း လိုက်လံ ဆော်ဩအသိပေးတယ်။ မစားသေးရင် လှယ်ထားဖို့ပေါ့။ အမှန်က စခန်းတာဝန်ခံတွေကနေတစ်ဆင့် ပူပူနွေးနွေးချက်ပြုတ်လှူဒါန်းတာသာ အသင့်တော်ဆုံးဖြစ်မယ်။ ဦးဇင်းကျောင်းလည်း စခန်းဖွင့်ထားရတယ်။ လူ အယောက် ၃၀၀ ကျော်တယ်။ ချက်ပြုတ်ပြီး ထမင်းစားပွဲနဲ့ သေချာပဲ ကျွေးပါတယ်။ အပူနဲ့ခိုလှုံနေရသူတွေ အပူမဆင့်စေချင် အားမငယ်စေချင်လို့ပါ” လို့ MT News ကို ပြောပါတယ်။

ရောဂါဖြစ်ပွားရာ ဝက်ဖြူကုန်းကျေးရွာ၊ ရွှေဖြူရတနာစာသင်တိုက်ဆီ မနေ့က စက်တင်ဘာ ၁၈ ရက်နေ့ ညပိုင်းကတည်းက ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အုတ်တွင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနဲ့ ကျန်းမာရေးဝန်ထမ်းများပါဝင်တဲ့ ကွင်းဆင်းအဖွဲ့နဲ့ ညောင်လေးပင်မြို့နယ်မှ ဆရာဝန်ဦးဆောင်သော ဆေးအဖွဲ့တို့က ကွင်းဆင်းကာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *