September 19, 2024

၁၉.၉. ၂၀၂၄
Written by Shwe Phyo

အိန္ဒိယအစိုးရအနေဖြင့် အိန္ဒိယနှင့်မြန်မာနိုင်ငံကြား ထိစပ်နေသော အရှည် ၁၆၄၃ ကီလိုမီတာကို နယ်စပ်ခြံစည်းရိုးခတ်မည်ဆိုလျှင် အိန္ဒိယရူပီး သိန်းပေါင်း ၃၁၀၀၀ ကျော် ကုန်ကျရဖွယ်ရှိနေကြောင်းသိရသည်။

အိန္ဒိယနှင့်မြန်မာနယ်စပ်ဒေသတစ်လျှောက်တွင် လက်နက်မှောင်ခို၊ ကျည်ဆံများနှင့်မူးယစ်ဆေးဝါးများ မှောင်ခိုတင်သွင်းခြင်းများ လုပ်ဆောင်နေသည့်သတင်းများထွက်ပေါ်နေသည်။ ထို့အတွက် အိန္ဒိယအစိုးရသည် အရှည် ၁၆၄၃ ကီလိုမီတာရှိ နယ်စပ်ဒေသတစ်လျှောက်ကို ခြံစည်းရိုးခတ်ရန် စက်တင်ဘာ ၁၈ ရက်နေ့က ခွင့်ပြုပေးခဲ့ကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ မဏိပူရပြည်နယ်၊ နာဂလန်ပြည်နယ်၊ အာရူနာချာ ပြည်နယ်များသည် မြန်မာနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော အိန္ဒိယပြည်နယ်များဖြစ်သည်။ အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ်ရှာက မြန်မာနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်တစ်လျှောက်မှ အကွာအဝေး ၃၀ ကီလိုမီတာကို ခြံစည်းရိုးခတ်ထားပြီးဖြစ်ကြောင်း ပြောသည်။

ထို့ပြင် အိန္ဒိယပြည်ထဲရေးဝန်ကြီးက မဏိပူရပြည်နယ်တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့်အဓိက ဆက်နွှယ်နေသော မြန်မာနယ်စပ်ဒေသများကို ခြံစည်းရိုးခတ်ထားပြီးဖြစ်ကြောင်း၊ မဏိပူရပြည်နယ်လုံခြုံရေးကိုစောင့်ကြည့်နေပြီး လိုအပ်သောအစီအမံများ ဆောင်ရွက်မည်ဟု ပြောသည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံ နယ်စပ်ဒေသတစ်လျှောက်တွင် မိုးရေးမြို့အနီးတွင် ၁၀ ကီလိုမီတာနှင့် မဏိပူရပြည်နယ်ရှိအခြားနေရာများတွင်လည်း အကွာအဝေး ၂၁ ကီလိုမီတာကို ခြံစည်းရိုးခတ်ထားပြီးဖြစ်ကြောင်း အိန္ဒိယအစိုးရကပြောသည်။

အိန္ဒိယအစိုးရသည် နှစ်နိုင်ငံနယ်စပ်ဒေသတွင် နေထိုင်နေသည့် ဒေသခံများကို အခြားတစ်နိုင်ငံ၏ ပိုင်နက်အတွင်းပိုင်း ၁၆ ကီလိုမီတာအထိ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်ပေးသည့် FMR စည်းကမ်းကိုလည်း ပြန်လည်ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

REF ,Time of india

Leave a Reply

Your email address will not be published. Required fields are marked *