၁၉.၉.၂၀၂၄
Written by TZ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ အောင်စေတနာရပ်ကွက်၊ အဝေရာလမ်းနှင့် ဗိုလ်လကျ်ာလမ်းဆုံတွင် ချေးထားသည့်ငွေကြေးကို မိသားစုဝင် (၃) ဦးမှ မော်တော်ဆိုင်ကယ်ဖြင့်သွားဆပ်စဥ် တခြားဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်တိုက်မိရာ ကျောင်းသူတစ်ဦးဒဏ်ရာပြင်းထန်ရရှိပြီး မိခင်ဖြစ်သူလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ စက်တင်ဘာလ ၁၈ ရက် ည ၇ မိနစ် ၅၀ အချိန်တွင် အကြွေးသွားဆပ်သည့် မိသားစုဝင်(၃) ဦး လိုက်ပါစီးနင်းလာသော မော်တော်ဆိုင်ကယ်ကို တစ်ဖက်ယာဥ်ကြောမှ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်မှ အရှိန်လွန်၍ တိုက်မိရာက အတိုက်ခံရသည့်မိသားစုဝင် (၃) ဦးအနက် သားအမိ ( ၂) ဦးဒဏ်ရာပြင်းထန်ရရှိကြောင်း သိရသည်။
ဒဏ်ရာရရှိသူကျောင်းသူ၏ မိသားစုမှ ဖခင်ဖြစ်သူကို MT News က ဆက်သွယ်မေးမြန်းရာ “ကျွန်တော့် အဒေါ်ဆီကို ပိုက်ဆံသွားဆပ်တာ။ အသွားမှာ တစ်ဖက်လမ်းကြောက ဆိုင်ကယ်က ကျွန်တော်တို့ကို လာတိုက်တာ။ကျွန်တော်တို့စီးလာတဲ့ဆိုင်ကယ်က တခြားသူဆီက ငှားလာတဲ့ဆိုင်ကယ်။ အဲ့ဆိုင်ကယ်လည်း ပျက်စီးသွားပြီ။ သမီးက ခေါင်းထိတယ်။ ညတွင်းချင်း ချုပ်ရတယ်။ မိန်းမက ဒီနေ့ခြေထောက်ခွဲစိတ်ခန်းဝင်ရတယ်။ မိန်းမက အသက် ၄၅ နှစ်ရှိပြီ။ သမီးက ၆ နှစ်။ ကျွန်တော်တို့က ကျူးမှာနေတာ။ စီးပွားရေးအဆင်မပြေဘူး။ သွပ်လေး ( ၃) ချပ်နဲ့အမိုးလုပ်ပြီးနေနေရတာ။ သမီးက အခမဲ့ပရဟိတစာသင်ဝိုင်းမှာ ကျောင်းတက်နေတာ။ သမီးက တစ်တန်းကျောင်းသူပါ။ တိုက်တဲ့ကောင်လေးကတော့ ထိခိုက်မှူမရှိဘူး။ သူ့ဆိုင်ကယ်လည်း ပျက်စီးတယ်” ဟု MT News သို့ ဖြေကြားသည်။
ဆိုင်ကယ်တိုက်မိမှုကြောင့် ဦးခေါင်းဒဏ်ရာရရှိသူ အသက် (၆) နှစ်အရွယ် မနှင်းရတီကျော် (ခ) မဖြူဖြူကျော်ငြိမ်းတို့မိသားစုမှာ မကွေးမြို့၊ ကန်သာကန်အနောက်ဘက်ခြမ်းရှိ မန်ကျည်းပင်အောက်တွင် သွပ်( ၃) ချပ်ဖြင့် အမိုးလုပ်၍ နေထိုင်ရကြောင်း၊ လက်ရှိအချိန်တွင် ဆေးကုသရန်ငွေကြေးအခက်အခဲ ဖြစ်ပေါ်နေသောကြောင့် မိဘပြည်သူများအနေဖြင့် လှူဒါန်းချင်လိုပါက ထိုကျောင်းသူ၏ ဖခင်ဖြစ်သူကိုင်ဆောင်သော ဖုန်း ၀၉-၂၆၅၅၈၁၇၂၀ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
Photo – Zaw Naing