September 19, 2024

၁၉. ၉. ၂၀၂၄
Translated by Htwe Ko Tun

စက်တင်ဘာ ၁၇ ရက်က လက်ဘနွန်နှင့် ဆီးရီးယားနိုင်ငံတို့တွင် အစ္စရေးတို့၏ပြုလုပ်မှုဟု စွပ်စွဲကြသော ဟစ်ဇ်ဘိုလာအဖွဲ့ဝင်များကိုင်ဆောင်သည့် Pager ခေါ် သတင်းလက်ခံစကားပြောစက်များ အဆက်မပြတ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် တစ်ရက်အကြာ စက်တင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းတွင်လည်း ဟစ်ဇ်ဘိုလာအဖွဲ့ဝင်များကိုင်ဆောင်သော ဆက်သွယ်စကားပြောကိရိယာများ ဒုတိယအကြိမ်ပေါက်ကွဲမှု လက်ဘနွန်နိုင်ငံအတွင်း ထပ်မံဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၀ ဦးသေဆုံးပြီး ၄၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်အစိုးရတာဝန်ရှိသူများက ပြောခဲ့ကြသည်။

အစ္စရေးသတင်းတစ်ပုဒ်အရမူ အဆိုပါပေါက်ကွဲမှုများတွင် သေဆုံးသူအရေအတွက်မှာ တိုးလာလိမ့်ဦးမည်ဟု ယုံကြည်ရကြောင်း ဖော်ပြခဲ့သည်။ ဟစ်ဇ်ဘိုလာတို့၏ အထူးစစ်ဆင်ရေး Radwan တပ်ဖွဲ့များမှာလည်း အဆိုပါပေါက်ကွဲမှုနှစ်ကြိမ်၌ များစွာအထိနာခဲ့သည်ဟုလည်း ဆိုသည်။

ဒုတိယအကြိမ်ပေါက်ကွဲမှုတွင် ဟစ်ဇ်ဘိုလာအဖွဲ့ဝင်များအသုံးပြုနေသည့် လက်ကိုင်ဖုန်းများ၊ နေရောင်ခြည်စွမ်းအင်သုံးနှင့် လက်‌ဗွေဖတ် ကိရိယာများ၌ ပေါက်ကွဲမှုများဖြစ်ခဲ့ခြင်ဟုလည်း သိရသည်။

ဟစ်ဇ်ဘိုလာတို့၏ Al Manar ရုပ်မြင်သံကြားဌာနက လက်ဘနွန်နိုင်ငံအနှံ့အပြားတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်းပြောကြားခဲ့သည်။ ဟစ်ဇ်ဘိုလာအရာရှိတစ်ဦးကလည်း အဖွဲ့ဝင်များအသုံးပြုသော လမ်းလျှောက်စကားပြောစက်များ ဘေရွတ်မြို့အတွင်းပေါက်ကွဲမှုကို ကြားနေရကြောင်း ပြောကြားခဲ့သည်။

လက်ဘနွန်ကြက်ခြေနီအဖွဲ့ကလည်း စက်တင်ဘာလ ၁၈ ရက်တွင် သူနာတင်ယာဉ် အစီး ၃၀ နှင့် ဆေး အဖွဲ့များကိုပေါက်ကွဲမှုဖြစ်ပွားရာနေရာများသို့စေလွှတ်ခဲ့ကြောင်း X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

Ref, The Times of Israel

Leave a Reply

Your email address will not be published. Required fields are marked *