September 19, 2024

၁၉.၉.၂၀၂၄
Written by TZ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ရေနံချောင်းလမ်းမပေါ် ဒေါင်းနေတံတားထိပ်တွင် ကုန်တင်ယာဥ်မှအရှိန်လွန်၍ သုံးဘီးယာဥ်အားတိုက်မိရာက သုံးဘီးယာဥ်ပေါ်တွင်လိုက်ပါလာသူ အသက်(၆၀) ဝန်းကျင်ရှိအမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၈ ရက် ညနေ ၄ နာရီခွဲအချိန်တွင် ဒေါင်းနေတံတားထိပ်၌ ယာဥ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသောကြောင့် ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ လူနာတင်ယာဥ်( ၂) စီးဖြင့် သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“သုံးဘီးက မကွေးကနေ စျေးဝယ်ပြီးပြန်လာတာ။ အဲ့သုံးဘီးကို ကုန်တင်ယာဥ်က အနောက်ကနေ ဝင်တိုက်မိတာ။ သုံးဘီးပေါ်မှာ ပါလာတဲ့သူ ၃ ယောက် ဒဏ်ရာရတယ်။ သုံးဘီးနဲ့ကုန်တင်ကားတော့ ပျက်စီးမှုမရှိဘူး”ဟု ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ဖြေကြားသည်။

ယာဥ်တိုက်ခံရမူကြောင့် သုံးဘီးပေါ်တွင် လိုက်ပါစီးနှင်သူ အသက် (၄၀) ကျော်ရှိ သုံးဘီးယာဥ်မောင်း အမျိုးသားတစ်ဦးမှာ ခါးရိုးနှင့်ညာဘက်ပခုံးပေါက်ပြဲ၊ အသက် (၆၀) ဝန်းကျင်ရှိသည့် အမျိုးသမီးနှစ်ဦးအနက် တစ်ဦးမှာ ညာဘက်လက်ထိခိုက်ဒဏ်ရာနှင့် ကျန်အမျိုးသမီးတစ်ဦးမှာ ဦးခေါင်းနှင့်ညာဘက်လက်တို့ ထိခိုက်ဒဏ်ရာရရှိသောကြောင့် ၎င်းတို့ကို မကွေးပြည်သူ့ဆေးရုံကြီး၊ OPD မှတစ်ဆင့် အရိုးအကြောဆောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Photo – Zaw Naing

Leave a Reply

Your email address will not be published. Required fields are marked *