September 19, 2024

◾ ရေဘေးသင့်သူ ၂၀၀၀ ခန့် အရေးပေါ်စားဝတ်နေရေးကိစ္စဖြေရှင်းရန်လိုနေသော်လည်း ကယ်သူမရှိ ဖြစ်နေ

၁၈.၉.၂၀၂၄
Written By Zun

AA အကြမ်းဖက်အဖွဲ့ထိန်းချုပ်ထားသည်ဆိုသော ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မင်းပြားမြို့နယ်၊ ဖုံသာချောင်းကြောင်းတစ်လျောက် ရေဘေးကြောင့် အိမ်ခြေ ၁၇၀ ကျော် ရေထဲမျောပါသွားပြီး လူဦးရေ နှစ်ထောင်ခန့် စားဝတ်နေရေးဒုက္ခရောက်နေကြကြောင်း သိရသည်။

အဆိုပါ ရေကြီးနစ်မြုပ်မှုနှင့် နေအိမ်များရေထဲမျောပါသည့် ကျေးရွာများမှာ ချင်းလူမျိုးစုများနေထိုင်သည့် ကျေးရွာများဖြစ်ပြီး နတ်ထောက်ရွာဟောင်းတွင် (၅၆) အိမ်၊ ကျေးမရွာတွင် (၃၂) အိမ်၊ ကိုင်းကြီးရွာတွင် (၄) အိမ်၊ ပြင်းဝကျေးရွာတွင် (၂၈) အိမ်၊ ဇိုင်ချောင်းရွာတွင် (၉) အိမ် ၊ သရက်အုပ်ရွာတွင် (၁၇) အိမ်၊ အထက်ခချီးမြောင်ရွာတွင် (၁၂) အိမ်၊ အောက်ခချီးမြောင်ရွာတွင် (၁၆) အိမ် ရေထဲသို့ မျောပါသွားကြောင်း သိရသည်။

“ရေထဲမျောပါသွားတဲ့စာရင်းက လက်လှမ်းမီသလောက် ရထားတာ။ မြေပြင်မှာ အဲဒီထက် များနိုင်ပါတယ်။ အဲဒီ ရွာတွေက ချင်းတိုင်းရင်းသားတွေ အများစု နေတဲ့ရွာတွေပါ။ အဲဒီဘက်မှာ ကူညီပေးမဲ့သူရှိရင်ကောင်းမယ်။ ကျန်တဲ့နေအိမ်တွေလည်း ရေမြုပ်ပါတယ်။ အခုကတော့ ရေဘေးသင့်သူ အရေအတွက်က အဲဒီနေရာမှာ နှစ်ထောင် လောက်ရှိမယ်”ဟု ဒေသခံ တစ်ဦးက MT News ကို ပြောသည်။

ယခုစက်တင်ဘာလအတွင်း မကြာသေးမီက ရွာသွန်းသော မိုးသည်းထန်မှုကြောင့် လေးမြို့မြစ်နှင့် ရခိုင်ရိုးမ တာင်ပေါ်မှ ဆင်းလာသည့် ရေများမှာ ဖုံသာချောင်းတစ်လျှောက်လျှံတက်၍ အဆိုပါ ကျေးရွာများတွင် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် စားဝတ်နေရေး အတိဒုက္ခ ရောက်နေကြကြောင်း သိရသည်။

ဒေသခံများအနေဖြင့် သိုလှောင်ထားသော ဆန်၊ဆီ၊ဆား၊ ငရုတ်၊ ကြက်သွန်အပါအဝင် ရိက္ခာများ ရေဖြင့် မျောပါသွားသည့်အတွက် အကူအညီ လိုအပ်နေခြင်း ဖြစ်ကြောင်းသိရသည်။

“ရခိုင်ကိုကူဖို့မလွယ်ပါ။ လမ်းတွေအကုန်ပိတ်ထားတော့ ဝင်လို့ထွက်လို့မရဘူး။ တပ်ဖက်ကလည်း ပိတ်တာရှိသလို AA က လည်း ပိတ်ထားတယ်လေ။ စစ်ဖြစ်နေတော့ ဘယ်လိုကူကြမလဲ။ နယ်မြေတွေက မငြိမ်းချမ်းဘူး။ ဒုက္ခနဲ့ အတော်လေးနေသားကျနေပြီတောင်ပြောရမယ်။ တော်ရုံဆို အသံမထွက်မှုကို မမှုတော့လောက်အောင် ခံနိုင်ရည်ရှိနေကြပါပြီ”ဟု ရခိုင်ပြည်နယ်တွင် နေထိုင်သူတစ်ဦးက MT News ကို ပြောသည်။

ယင်းအပြင် မင်းပြားမြို့နယ်က ခွဆုံ(ချင်း)ရွာတွင် လူကြီး၊ လူငယ်နှင့် ကလေးသူငယ် လူဦးရေ ၄၀ ခန့်မှာ အရေပြားရောဂါ ဖြစ်နေကြကြောင်း ၊ ယင်းအထဲတွင် အသက်အန္တရယ် စိုးရိမ်ရသော ကလေးလူနာများလည်း ရှိကြောင်း၊ ရေကြီးပြီးနောက် အဆိုပါအရေပြားရောဂါများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်မတို့ မင်းပြားမှာ ချင်းရွာ (၄) ရွာ လောက် ပေါင်းလိုက်ရင် လူ တစ်ထောင်လောက်က ရေဘေးသင့်ပါ တယ်။ ရွာတွေ ၁၄ ရွာလောက် ရှိပါတယ်။ လူထိခိုက် သေဆုံးတာတော့ မရှိပါဘူး။ ဒါပေမဲ့ နေအိမ်တွေ၊ ပစ္စည်းတွေ၊ စားစရာ တွေကအကုန်ပျက်စီးသွားပြီ၊ အခုဆိုရင် ငတ်တဲ့သူငတ်နေကြပြီ။ စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်။ ကူသူ လည်းမရှိပါဘူး”ဟု မင်းပြားမြို့ ဒေသခံတစ်ဦးက MT News ကို ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *