September 19, 2024

၁၈.၉. ၂၀၂၄
Written by Shwe Phyo

စင်ကာပူအစိုးရသည် ရာဂီမုန်တိုင်းဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရသော မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသအတွင်းရှိ နိုင်ငံများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် အကူအညီပေးရေးပစ္စည်းများကို လွှဲပြောင်းကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရာဂီမုန်တိုင်းသည် စက်တင်ဘာ ၂ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံသို့ စတင်တိုက်ခတ်ခဲ့ပြီးနောက် တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ လာအိုနှင့် မြန်မာနိုင်ငံတို့ကိုလည်း ဝင်ရောက်ခဲ့ရာ သက်ရောက်မှုဒဏ်များ ခံစားခဲ့ရကြောင်း သိရသည်။

အထက်ပါ ကူညီမှုတွင် စင်ကာပူစစ်တပ်က လာအို၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများရှိ အကူညီအပေးရေးအဖွဲ့စည်းများထံ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ပေးပို့ကူညီမည်ဖြစ်သည်။ စင်ကာပူလေတပ်သုံး C-130 အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ် နှစ်စီး၊ A330 အမျိုးအစားဘက်စုံသုံးလေယာဉ်များဖြင့်
အကူအညီပေးရေးပစ္စည်းများတင်ဆောင်ကာ ပေးပို့သွားမည်ဖြစ်ပြီး အဆိုပါပစ္စည်းများထဲတွင် စောင်များ၊ တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာပစ္စည်းများထည့်ထားသည့်သေတ္တာများ၊ ရေစစ်ဇကာများ၊ ခေါက်သိမ်းနိုင်သောရေပုံးများနှင့် အစားအစာထုပ်များပါဝင်မည်ဖြစ်ကြောင်းသိရသည်။

ရာဂီမုန်တိုင်းကြောင့် မြန်မာ အပါအဝင် အာဆီယံဒေသအတွင်းရှိ ကလေးငယ်ပေါင်း ၆ သန်းကျော်အား သက်ရောက်မှုများ ရင်ဆိုင်ခဲ့ရကြောင်း ကုလသမဂ္ဂလက်အောက်ခံအဖွဲ့စည်းဖြစ်သော UNICEF အဖွဲ့ကပြောသည်။

မြန်မာနိုင်ငံတွင်တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများကြား တိုက်ပွဲများဖြစ်ပွားနေချိန်တွင် မုန်တိုင်းကြောင့် ဖြစ်ပွားလာခဲ့သောရေကြီးမှုများက လူပေါင်း ၄ သိန်းကျော်ကို နေရပ်စွန့်ခွာစေခဲ့ကြောင်း UNICEF ကပြောသည်။

UNICEFအဖွဲ့က” ရာဂီမုန်တိုင်းဟာ မြန်မာနိုင်ငံရဲ့လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်မှုအခြေအနေတွေကို ပိုမိုဆိုးလာစေခဲ့တယ်။ လူအသိုင်းအဝိုင်းကို ပိုမိုနက်ရှိုင်းတဲ့ အခက်ခဲတွေ တွေ့ကြုံရအောင်တွန်းပို့လိုက်သလိုမျိုးဖြစ်ခဲ့တယ် “ဟု ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *