September 19, 2024

၁၈.၉.၂၀၂၄
Written by Hey Mar

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့၊၀က်ဖြူကုန်း ရေဘေးရှောင်စခန်းမှာ‌နေထိုင်သူ အယောက် ၅၀၀ ဝန်းကျင်ခန့် ဝမ်းပျက် အော့အန်ဝေဒနာတွေကြောင့် တောင်ငူဆေးရုံကြီးဆီ အရေး‌ပေါ် ပို့‌ဆောင်ပေးနေရတယ်လို့ တောင်ငူအခြေစိုက် ဒေသခံပရဟိတအသင်းတွေဆီကနေ သိရပါတယ်။

ဖြစ်စဉ် ဖြစ်တာက ဒီနေ့ စက်တင်ဘာ ၁၈ ရက် ည ၉ နာရီဝန်းကျင်ကလို့သိရပြီး အဆိုပါစခန်းမှာ ကလေးလူကြီး အယောက် ၅၀၀ ခန့်နေထိုင်နေကာ အခုဖြစ်တဲ့ထဲမှာ ကလေးအယောက် ၃၀ ကျော် ၄၀ နီးပါး ပါဝင်တယ်လို့ တောင်ငူမြို့ Save The Rescue Tree မှ ကိုကျော်သူရက မြေပြင်အခြေအနေကို “ညနေစာကြောင့် ဖြစ်တယ်လို့ ပြောကြတယ်။ ညနေစာက စခန်းမှာ ဘဲဥကို မန်ကျည်းချဉ်နဲ့ ချက်တာ စခန်းတစ်ခုလုံးစားကြတယ် ပြောတယ်။ စဖြစ်တာ ည ၉ နာရီကျော်လောက်ပါ။ အခု စခန်းရှိ လူကုန် တောင်ငူဆေးရုံကြီးဆီနဲ့ အုတ်တွင်း၊ ပဲခူး ခွဲပို့နေကြတယ်။ လူမှုကူညီ‌ရေးအသင်း‌တွေစု‌ပေါင်းပြီး ကားတွေနဲ့ ပို့ပေးနေပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

မနေ့က စက်တင်ဘာ ၁၇ ရက်နေ့ကလည်း နေပြည် တော်၊ တပ်ကုန်းမြို့နယ်၊ ချောင်းခြားကျေးရွာမှာရေဘေးသင့်ပြည်သူတွေကို လာလှူတဲ့ ဒံပေါက်ကိုစားပြီး ဝမ်းလျှော၊ အော့အန်ခြင်း စတဲ့ အစာအဆိပ်သင့် ရောဂါလက္ခဏာတွေ ဖြစ်ပွားခဲ့လို့ ဆေးရုံတွေဆီ ပို့ဆောင်ကုသပေးခဲ့ရပြီး ဆေးကုသမှုခံယူရသူ ၁၁၅ ဦးလုံး သက်သာကောင်းမွန်လာပြီဖြစ်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *