September 19, 2024

◾ ရေဘေးသင့်ပြည်သူများအား ပြီးပြီးရောပြန်လွှတ်မည်မဟုတ်ဘဲ မိမိဒေသများသို့ ပြန်ရောက်ချိန်တွင်လည်း နေထိုင်စားသောက်ရေးများ ဆက်လက်ကူညီပေးမည့်အပြင် လျော်ကြေးငွေများ ပေးသွားမည်ဟု SAC ဥက္ကဋ္ဌကိုယ်တိုင် ရေဘေးသင့်ပြည်သူထံသွားရောက်၍ ကတိပေး

◾️ ရေကြီးရေလျှံမှုများကြောင့် သေဆုံးခဲ့သူတစ်ဦးအတွက် ကျပ် ၈ သိန်းနှုန်းဖြင့် ကျန်ရစ်သူမိသားစုများထံ ထောက်ပံ့ပေးအပ်မည်

၁၈. ၉. ၂၀၂၄
Written by Nyein Kyaw

ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်စခန်းများမှ ပြီးပြီးရောပြန်လွှတ်မည်မဟုတ်ဘဲ မိမိဒေသများပြန်ရောက်ချိန်တွင်လည်း နေထိုင်စားသောက်ရေးတို့အတွက် ဆက်လက်ကူညီသွားမည့်အပြင် ဆုံးရှုံးမှုများအတွက် လျော်ကြေးများလည်း ပေးသွားမည်ဖြစ်ကြောင်း ယနေ့တွင် ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာမဟာသာသနာ့ဗိမာန် ရေးဘေးရှောင်ကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင် ပြည်သူများထံသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် သွားရောက်အားပေးစကားပြောကြားစဉ် ကတိပေး ပြောကြားခဲ့သည်။ 

“လက်ရှိအချိန်အခြေအနေမှာတော့ ဒုက္ခသုက္ခ ရောက်နေတာကိုတော့ ကိုယ်ချင်းစာပါတယ်။ စိတ်လည်းမကောင်းပါဘူး။ ကျွန်တော်တို့ တတ်နိုင်သလောက် နိုင်ငံတော်ပိုင်းကလည်း လုပ်ပေးပါမယ်။ ကျွန်တော်တို့နိုင်ငံတင် မဟုတ်ပါဘူး။ ကျွန်တော်တို့ အာရှတင်ပဲလားဆိုတော့မဟုတ်ဘူး။ ဟို ဥရောပနိုင်ငံတွေလည်း ရေကြီးနေကြတာပဲ။ သဘာဝကြီးက ဖြစ်လာတာဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ် တစ်ကမ္ဘာလုံးမှာ ဖြစ်နေကြတာဖြစ်တော့ ဒီအပေါ်မှာ ကျွန်တော်တို့က ကြံ့ကြံ့ခဲ့ပြီးတော့မှ လူထုရဲ့ကြံစည်မှုနဲ့၊ လုံ့လ၊ ဝီရိယနဲ့ အားထုတ်သွားမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ ကျော်လွှားလို့ရမယ်ဆိုတာလေး ပြောချင်ပါတယ်။ ဒီအတွက် မလျှော့တဲ့ ဇွဲလုံ့လနဲ့ ဆက်ပြီးလုပ်သွားကြဖို့လည်း အားမွေးသွားကြဖို့လည်း ပြောလိုပါတယ်။ ဒီမှာ အားမွေးသွားကြပါ၊ ပြန်ရောက်လို့ရှိရင်လည်း ထိုက်သင့်တဲ့ နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့ ကျွန်တော်တို့ ထောက်ပံ့ပေးပါမယ်။ ကျွန်တော် ပြီးပြီးရော မလွှတ်ပါဘူး။ အကုန်လုံးစီစဉ်ပေးပါမယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။

သဘာဝဘေးအန္တရာယ်သည် ရှောင်ရှား၍မရကြောင်းနှင့် ယခုကဲ့သို့ ပြည်သူများ၏ ဒုက္ခသုက္ခများအတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ ယခုဆုံးရှုံးမှုသည် ပြည်သူများ၏ ဆုံးရှုံးမှုအပြင် နိုင်ငံတော်၏ လမ်း၊ တံတား၊ အဆောက် အဦ၊ လျှပ်စစ်ဓာတ်အားပေးဝေရေးလုပ်ငန်း၊ စက်ရုံအလုပ်အရုံ စသည့် နိုင်ငံတော်ပိုင်ကဏ္ဍများတွင် များစွာထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်သူများ မူလအခြေအနေအတိုင်းဖြစ်လာအောင် ဆောင်ရွက်ပေးမည့်အပြင် လျော်ကြေး‌ငွေများအတွက် ပြင်ဆင် ဆောင်ရွက်နေကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

“ခင်ဗျားတို့လည်း ခင်ဗျားတို့ ပိုင်ဆိုင်မှုတွေဆုံးရှုံးသွားတာပဲ။ ခုနက ကျွန်တော်မေးတယ်၊ ဘာတွေ ရခဲ့လဲဆိုတော့ အဝတ်တစ်ထည်ကိုယ်တစ်ခုတည်းလို့ ဖြေတဲ့သူလည်းပါတယ်။ တချို့လည်း ရတဲ့ဟာတွေ ကောက်ဆွဲလာရတာတွေပါတယ်။ တချို့လည်း နောက်ဆုံးတော့ သွားနေကြ ဈေးခြင်းလေးပါလာတယ်။ ဘာပစ္စည်းမှမပါဘူး။ လူက အဲ့ဒီအချိန်မှာ ထူပူနေကြပြီကိုး။ ဆွဲမိဆွဲရာဆွဲလာတာပေါ့။ တော်သေးတယ်၊ ကလေးတွေ ပါလာလို့။ ကျွန်တော်တို့ ဟိုဘက်မှာဆို ကလေးတွေပါသွားတာ ရှိပါတယ်။ စိတ်လည်း မကောင်းပါဘူး။ အတတ်နိုင်ဆုံးခင်ဗျားတို့ မူလအခြေအနေအတိုင်းဖြစ်အောင်တော့ ကျွန်တော်တို့ ကူညီပေးပါမယ်။ သေဆုံးမှုအတွက်လည်း လူမှုဝန်ထမ်းဝန်ကြီးဌာနကနေပြီးတော့ လျော်ကြေးတွေပေးတယ်။ နောက်ဒဏ်ရာရတဲ့သူတွေကိုလည်း၊ နောက်တစ်ခါ ဆေးကုသမှုအတွက် ထောက်ပံ့ကြေးတွေပေးသလို၊ ပျက်စီးသွားတဲ့ အဆောက်အဦတွေအတွက်လည်း အခုကျွန်တော်တို့ တွက်နေပါတယ်။ လုံးဝပျက်သွားတဲ့အိမ်တွေဆိုရင် ဘယ်လိုပေးမလဲ၊ တစ်စိတ်တစ်ပိုင်းပျက်သွားတဲ့ အိမ်တွေဆိုရင် ဘယ်လိုပေးမလဲ၊ လုံးဝပျက်သွားတဲ့အိမ်မှာမှ တဲဆိုရင်ဘယ်လောက်ပေးမလဲ၊ ရိုးရိုး အိမ်ဆိုရင် ဘယ်လောက်ပေးမလဲ၊ တစ်ထပ်အိမ်ဆိုရင်ဘယ်လောက်ပေးမလဲ၊ နှစ်ထပ်အိမ်ဆိုရင် ဘယ်လောက်ပေးမလဲ၊ တတ်နိုင်သလောက် ကျွန်တော်တို့ပေးပါမယ်။ ဖြစ်နိုင်သလောက် ဒေသနဲ့ကိုက်ညီတဲ့ဟာမျိုးတော့ ကျွန်တော်တို့စဉ်းစားပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။

စက်တင်ဘာ ၁၈ ရက် (ယနေ့) နံနက် ၉ နာရီအထိ ကောက်ယူရရှိသော စာရင်းအရ မြိုနယ် ၅၆ မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာတို့တွင် ပြည်သူ ၂၆၈ ဦး သေဆုံးခဲ့ပြီး ၈၈ ဦး ပျောက်ဆုံးလျက်ရှိသည်။ ယင်းကဲ့သို့ သဘာဝဘေးဒဏ်ကြောင့် သေဆုံးခဲ့သည့် ပြည်သူများကို တစ်ဦးလျှင် နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ၅ သိန်းကျပ်နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ၃ သိန်းကျပ်၊ စုစုပေါင်း ၈ သိန်းကျပ်ကို ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ များကလည်း သီးခြားထပ်ဆောင်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ယနေ့တွင် ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *