September 19, 2024

၁၈.၉.၂၀၂၄
Written By Zun

ထိုင်း-မြန်မာ အမှတ် (၁) တံတားရှေ့ရှိ “Angel of Maesai” နတ်သမီးရုပ်တုကို ဒေသအာဏာပိုင်များ ဖယ်ရှားလိုက်ကြောင်း ထိုင်းဒေသတွင်း ဆိုရှယ်မီဒီယာများက ရေးသားချက်အရသိရသည်။

ထိုင်းနိုင်ငံ‌မြောက်ပိုင်းရှိ ချင်းရိုင်ခရိုင်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားရခြင်းမှာ မြန်မာနိုင်ငံ တာချီလိတ်မြို့၏ တစ်ဖက်ကမ်းရှိ မယ်ဆိုင်မြို့၊ ထိုင်း-မြန်မာ အမှတ် (၁) တံတားရှေ့က အဆိုပါ ရုပ်တုကြောင့်ဟု စွပ်စွဲ၍ လွန်ခဲ့ သော ၃ ရက်က ဖယ်ရှားခြင်း ဖြစ်ကြောင်း သိရသည်။

“Angel of Maesai” နတ်သမီးရုပ်တုမှာ ဦးခေါင်းသာရှိပြီး ခန္ဓာကိုယ်မရှိသောကြောင့် နိမိတ်ဆိုးဖြစ်ပြီး ရေကြီး ရေလျှံမှုဖြစ်ပွားရခြင်းဖြစ်နိုင်ကြောင်း ထိုင်းဒေသတွင်း လူမှုကွန်ရက်အသုံးပြုသူများကြား ဝေဖန်ပြောဆိုမှု ဖြစ်ပေါ်ပြီးနောက် ဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အတူ အဆိုပါရုပ်တုမှာ သွေးမျက်ရည်စီးကျနေကြောင်း ကလေးငယ်တစ်ဦးကပြောသည်ဟုလည်း ထိုင်းလူမှုကွန်ရက်သုံးသူများအကြား လှုပ်ခတ်မှုများလည်း ရှိခဲ့သည်။

ဖယ်ရှားပြီး နတ်သမီးရုပ်တုကို ဒေသအာဏာပိုင်များက ချင်းရိုင်မြို့ရှိ CCAM အနုပညာပြတိုက်သို့ ပြောင်း ရွှေ့ထားရန်စီစဉ်နေကြောင်းလည်း သိရသည်။

“Angel of Maesai”နတ်သမီးရုပ်တုကို Mr. ချလွန်ချိုင် ကိယက်ဖိဖတ် ဆိုသူက ဖန်တီးထုဆစ်ထားခြင်းဖြစ် ကြောင်း၊ ရုပ်တုကို ထိုင်းတိုင်းရင်းသူမိန်းမပျိုအသွင် ပုံဖော်ထုဆစ်ထားခြင်း ဖြစ်သောကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခြင်းနှင့် မသက်ဆိုင်ကြောင်း ထုဆစ်သူ Mr. ချလွန်ချိုင် ကိယက်ဖိဖတ်က ပြောဆိုထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *