September 19, 2024

◾ အမေရိကန်ကလည်း USAID ကတစ်ဆင့် ကူညီမည်ပြောသော်လည်း ကူညီမည့်ပမာဏနှင့် ကူညီပေးမည့်ပစ္စည်းများ မဖော်ပြ

MT News
၁၈. ၉. ၂၀၂၄

ဆိုင်ကလုန်းမုန်တိုင်းရာဂီကြောင့် ထိခိုက်ရသည့် ပြည်သူများကို အမေရိကန်ဒေါ်လာ ငါးသိန်းကူညီမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေးသံရုံးက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် လတ်တလောကြုံတွေ့နေရသော ရေကြီးရေလျှံမှုများကြောင့် နေအိမ်များ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့် ချစ်ခင်ရသူများအပါအဝင် ပျက်စီးဆုံးရှုံးမှုများအတွက် လွန်စွာဝမ်းနည်းကြေကွဲရပြီး ရေဘေးသင့်ပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိကြောင်းနှင့် ဤအဖြစ်ဆိုးကြောင့် ထိခိုက်ခံစားရသူများအားလုံးအတွက် စာနာဆုတောင်းပေးလျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာနော်ဝေးသံရုံးက ဆိုသည်။

နော်ဝေးနိုင်ငံသည် UNOPS ၏ ဘက်စုံရန်ပုံငွေယန္တရားအလှူရှင်များနှင့် ပူးပေါင်းကာ ရေဘေးသင့်ရပ်ရွာများ၌ ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ကို ကနဦးအနေဖြင့် ထောက်ပံ့ခဲ့သည်။ ဤထောက်ပံ့မှုတွင် အမိုးအကာ၊ အစားအစာ၊ ရေသန့်၊ အခြေခံဆေးဝါးများနှင့် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများပါဝင်သည်။ ထို့ပြင် နော်ဝေးကြက်ခြေနီအသင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတစ်ဆင့် အသုံးအဆောင်ပစ္စည်းများ၊ ကျန်းမာရေးအတွက် ငွေသားနှင့် အစားအသောက်ပါဆယ်ထုပ်များကို ဖြန့်ဝေပေးလျက်ရှိသည်ဟုလည်း သိရသည်။

ထို့အတူ နော်ဝေးနိုင်ငံသည် မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ရေဘေးသင့်ပြည်သူများ၏ လိုအပ်ချက်များကို ဆန်းစစ်ပြီး အကူအညီများ အမြန်ဆုံးရောက်ရှိရေး လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။ အလားတူ အမေရိကန်သံရုံးကလည်း ရေဘေးသင့် မြန်မာပြည်သူများကို USAID မှတစ်ဆင့် ထောက်ပံ့ကူညီမည်ဟုလည်း ဖော်ပြထားသည်။ သို့သော် မည်မျှတန်ဖိုးရှိသော မည်သည့်ပစ္စည်းများကို ကူညီမည်ဟုမှု စိုးစဥ်းမျှ ဖော်ပြထားမှုမရှိချေ။

Leave a Reply

Your email address will not be published. Required fields are marked *