September 19, 2024

၁၈.၉.၂၀၂၄
Written By Thandar

အကယ်ဒမီ မင်းသမီးကြီး ဝါဝါဝင်းရွှေကတော့ လာမယ့် အောက်တိုဘာ ၁၃ ရက်မှာကျင်းပမယ့် ၄၇ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် ကျပ် ၃ သိန်းကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ လှူဒါန်းခဲ့သလို ရုပ်ရှင်လောကသားတွေနဲ့ ဝတ်ရွတ်တဲ့သူတွေကိုလည်း ဒံပေါက်ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။

“ဒီနေ့အလှူလေးက အမေ ရုပ်ရှင်အစည်းအရုံးမှာ နှစ်စဥ်နှစ်တိုင်း ကျင်းပတဲ့ သက်ကြီးပူဇော်ပွဲအတွက် အန်တီဝါက နှစ်တိုင်းလည်းလှူဖြစ်ပါတယ်။ ဒီနှစ်ကတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌကြီးဆီမှာ အန်တီဝါ ၃ သိန်းလာလှူပါတယ်။ နောက်ပြီး ရုပ်ရှင်အစည်းအရုံးမှာ ဝတ်ရွတ်ကြတဲ့ ကိုယ့်လောကသားတွေ ဝန်ထမ်းတွေ အနုပညာမိသားစုအားလုံးအတွက် အဟာရဒါန ဒံပေါက်လာလှူတာပါ။အစည်းအရုံးက မောင်နှမတွေဖြစ်တဲ့ ဦးအေးကြူလေး စီစဥ်မှုကြောင့် အကျွေးအမွေးလေးနဲ့ စီစဥ်ဖြစ်တာပါ။ အနုပညာသက်တမ်း နှစ် ၆၀ ကျော်မှာ အနုပညာရှင် အတတ်ပညာရှင်၊ စက်သမားတွေ ကိုယ့်လောကသားတွေ ဆုံကြတဲ့အချိန်မှာ အဲအချိန်ကတော့ သူတို့လည်း ကျန်းကျန်းမာမာနဲ့လာနိုင်ကြတယ် တွေ့နိုင်ကြတယ်ဆိုတော့ ပီတိလေးပေါ့နော်။ ရှေ့ဆက်ပြီး ကျန်းမာကြပါစေ အသက်ရှည်ကြပါစေ နှစ်တိုင်းလည်းဆုံနိုင်ကြပါစေ အန်တီဝါဆုတောင်းပါတယ်”လို့ အကယ်ဒမီ ဝါဝါဝင်းရွှေ ကပြောပါတယ်။

အဆိုပါ လှူဒါန်းမှုကိုတော့ အကယ်ဒမီ မြင့်မြင့်ခင် ၊ အကယ်ဒမီ ချိုပြုံး၊ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးအေးကြူလေး၊ နာယကကြီး ဦးအောင်လွင် ၊ နာယကကြီး ဦးနှင်းမိုး စတဲ့သူတွေ တွေ့ဆုံ လက်ခံကြပြီး အမှတ်တရ စကားတွေ ပြောဆိုခဲ့ကြပါတယ်။ လာမယ့် အောက်တိုဘာ ၁၃ ရက်မှာ ကျင်းပမယ့် ၁၀၄ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၄၇ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (ဗဟို)မှာ ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

၁၉၂၀ အောက်တိုဘာ ၁၃ ရက်က စတင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ဟာ ၁၀၃ နှစ်မြောက်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်၊ ၄၅ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာတော့ အကန်တော့ခံသက်ကြီး ၁၈၀ နီးပါးကိုလည်း ကန်တော့ခဲ့တာလည်း ဖြစ်ပါတယ်။ အကန်တော့ခံသက်ကြီးတွေအနေနဲ့ အသက် ၇၀ နှစ်အထက် ဖြစ်ရမှာဖြစ်ပြီး အနုပညာလုပ်သက်တမ်း အနှစ် ၂၀ ရှိသူမှသာ ကန်တော့ခံစာရင်းဝင်တာလည်း ဖြစ်ပါတယ်။ ယခုခေတ် ၄၆ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲမှာလည်း အကန်တော့ခံသက်ကြီး အယောက် ၁၈၀ နီးပါးရှိပါတယ်။
အကယ်ဒမီ ဝါဝါဝင်းရွှေကတော့ စက်တင်ဘာ ၁၇ ရက် လပြည့်နေ့ကုသိုလ်အနေနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ငွေကျပ်သိန်း ၂၀ ကို ခိုင်နှင်းဝေဆီကတစ်ဆင့် ပါဝင်လှူဒါန်းခဲ့ပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ကွယ်လွန်သူ ခင်ပွန်းဦးသန်းထွန်း ၅နှစ် ပြည့်အနေနဲ့ ဧရာဝတီတိုင်း ဟင်္သာတမြို့ ရေဘေးသင့်ပြည်သူတွေအတွက်လည်း ကျပ် ၅ သိန်း လှူဒါန်းခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *