September 19, 2024

၁၈.၉. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံသည် ဗင်နီဇွဲလား၊ ဘိုလီဗီးယားနိုင်ငံများနှင့်အတူ မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးမှုများကို တိုက်ဖျက်ရန် ပျက်ကွက်သည့်နိုင်ငံများစာရင်းတွင် ပါဝင်လျက်ရှိနေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ၊ ဗင်နီဇွဲလားနှင့် ဘိုလီဗီးယားနိုင်ငံတို့သည် ပြီးခဲ့သော ၁၂ လအတွင်း မူးယစ်ဆေးဝါးကုန်ကူးမှုများကို ဆန့်ကျင့်တိုက်ဖျက်ရန် သဘောတူညီချက်စည်းကမ်းများကို လိုက်နာရန် ပျက်ကွက်နေခဲ့ကြောင်း အမေရိကန်သမ္မတက ပြောသည်။ အဆိုပါသုံးနိုင်ငံသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်ထံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး နားလည်မှုစာချွန်လွှာများပေးပို့ခဲ့ဖူးကြောင်း၊ သို့သော်လည်း လွန်ခဲ့သည့် ၁၂ လက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး နှိမ်နင်းရေး သဘောတူညီချက်များအောက်တွင် ၎င်းတို့၏ တာဝန်ဝတ္တရားများကို လိုက်နာရန်နှင့် လိုအပ်သည့် အစီအမံများကို ဆောင်ရွက်ရန် ပျက်ကွက်ခြင်းများရှိနေခဲ့ကြောင်း အမေရိကန်သမ္မတက ပြောသည်။

ပျက်ကွက်မှုများရှိနေသော်လည်း မြန်မာ၊ ဘိုလီဗီးယား နှင့် ဗင်နီဇွဲလားနိုင်ငံများအတွက် အကူအညီပေးရေးအစီအစဉ်များသည် အမေရိကန်နိုင်ငံအကျိုးစီးပွားအတွက် အဓိကအရေးပါနေကြောင်းအမေရိကန်သမ္မတက ပြောသည်။ အမေရိကန်အစိုးရသည် ပြီးခဲ့သောနှစ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး ပျက်ကွက်နေသည့် နိုင်ငံပေါင်း ၂၀ နီးပါးစာရင်းကို ထုတ်ပြန်ခဲ့ရာ လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသမှ နိုင်ငံများပါဝင်နေကြောင်း သိရသည်။

အမေရိကန်အစိုးက အဆိုပါ မူးယစ်ဆေးဝါး တရားမဝင်ထုတ်လုပ်ရောင်းချနေခြင်း သို့မဟုတ် အဓိကကုန်သွယ်နေသည့် နိုင်ငံများ ၂၀ စာရင်းကိုထုတ်ပြန်ခဲ့ရာ အာရှတိုက်ထဲတွင် မြန်မာနိုင်ငံအပြင် လာအို၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် အာဖန်ဂန်နစ္စတန်နိုင်ငံတို့ပါဝင်နေပြီး ကျန်နိုင်ငံများက မက္ကဆီကို၊ ပါနားမား၊ ဗင်နီဇွဲလား၊ ဘိုလီဗီးယားနိုင်ငံတို့ အပါအဝင် လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသ နိုင်ငံအများစုပါဝင်နေကြောင်း သိရသည်။

အမေရိကန်နိုင်ငံတွင် ပြီးခဲ့သော ၂၀၂၃ ခုနှစ်တွင် မူးယစ်ဆေးဝါးသုံးစွဲရာမှ ဆေးလွန်ပြီးသေဆုံးသွားသူ ၁၀၇၅၄၃ ဦးရှိနေပြီး ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ၃ ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း သိရသည်။

REF, Agencia EFE

Leave a Reply

Your email address will not be published. Required fields are marked *