September 19, 2024

◾️ အလှူရှင်များအနေဖြင့် သဘာဝဘေးဒဏ်သင့်နေရာများသို့ အစားအသောက်များ လှူဒါန်းရာတွင် သန့်ရှင်းသော အစားသောက်များကို ပြင်ဆင်ပေးပို့လှူဒါန်းရန်ပါ တိုက်တွန်း

၁၈. ၉. ၂၀၂၄
Written by Nyein Kyaw

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ချောင်းခြားကျေးရွာတွင် ရေဘေးသင့်ပြည်သူများကို လာလှူသော ဒံပေါက်ကိုစားပြီး ဝမ်းလျှော၊ အော့အန်ခြင်း စသည့် အစာအဆိပ်သင့် ရောဂါလက္ခဏာများ ဖြစ်ပွားခဲ့၍ ဆေးရုံများသို့ ပို့ဆောင်ကုသပေးခဲ့ပြီး ဆေးကုသမှုခံယူရသူ ၁၁၅ ဦးလုံး သက်သာကောင်းမွန်လာပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာတွင် စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီခန့်တွင် အလှူရှင်များမှ လာရောက်လှူဒါန်းသော ဒံပေါက်၊ ကြက်သားအာလူးဟင်း၊ ဘဲဥခရမ်းချဉ်သီးချက်များအား စားသောက်ပြီးနောက် အဆိုပါ ညနေပိုင်းတွင် ဝမ်းလျှောခြင်း၊ အော့အန်ခြင်းအစရှိသော အစာအဆိပ်သင့် ရောဂါလက္ခဏာများဖြစ်ပွားခဲ့သည်။

ထို့ကြောင့် တပ်ကုန်းမြို့နယ် ခုတင် ၁၀၀ ပြည်သူ့ဆေးရုံတွင် ပြင်ပလူနာအဖြစ် ၅၀ ဦး၊ အတွင်းလူနာအဖြစ် ၅၆ ဦး၊ ကလေးရောဂါအထူးကုဆေးရုံကြီး-နေပြည်တော်တွင် အတွင်းလူနာအဖြစ် ၅ ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်-၃၀၀ တွင် အတွင်းလူနာအဖြစ် ၄ ဦး တက်ရောက်ကုသမှုခံယူလျက်ရှိပြီး တက်ရောက်ကုသမှုခံယူနေသည့် စုစုပေါင်းလူနာ ၁၁၅ ဦးလုံး၏အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

စက်တင်ဘာ ၁၇ ရက်တွင် အဆိုပါသတင်းရရှိပြီးလျှင် ညနေပိုင်းတွင် ရောဂါဖြစ်ပွားရာ ချောင်းခြားကျေးရွာသို့ တပ်ကုန်းမြို့နယ် ကုတင် (၁၀၀) ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦး ဦးဆောင်သော အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့၊ တပ်ကုန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး (၁) ဦးဆောင်သော အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့၊ ညောင်လွန့်ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး (၂) ဦးဆောင်သော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ စသည်အဖွဲ့ ၃ ဖွဲ့တို့ စေလွှတ်ခဲ့ခြင်ဖြစ်သည်။

စက်တင်ဘာ ၁၈ ရက်တွင် နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (ကူးစက်) ဦးဆောင်သော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ကုတင်- ၃၀၀)မှ ဆရာဝန်တစ်ဦး ဦးဆောင်သော ဆေးအဖွဲ့၊ တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး (၁) ဦးဆောင်သော အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့ စသည့်အဖွဲ့ ၃ ဖွဲ့တို့မှ ကွင်းဆင်း၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

သဘာဝဘေးဒဏ်ခံစားရသော ပြည်သူများအား အစားအသောက်များ လှူဒါန်းရာတွင် အလှူရှင်များအနေဖြင့် ပူပူနွေးနွေး ပြင်ဆင်ထားသည့် သန့်ရှင်းသော အစားသောက်များအား ပြင်ဆင် ပေးပို့လှူဒါန်းကြရန်နှင့် ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များနှင့် ဆက်သွယ်၍ ဆောင်ရွက်ရန်၊ ယာယီကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများမှ စခန်းများတွင် လှူဒါန်းကြသော အစားအသောက်များအား ကျန်းမာရေးနှင့် ညီညွတ်စေရန်နှင့် သန့်ရှင်းမှုရှိစေရန် ကြီးကြပ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးရန် ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *