September 19, 2024

၁၈. ၉. ၂၀၂၄
Translated by Htwe Ko Tun

လက်ဘနွန်နိုင်ငံအတွင်းတွင် အစ္စရေးတို့၏တိုက်ခိုက်မှုဟု မှတ်ယူရသော ဟစ်ဇ်ဘိုလာအဖွဲ့ဝင်များ ကိုင်ဆောင်ကြသည့် Pager ခေါ် ရေဒီယိုသတင်းလက်ခံစက်များက တစ်ခါမျှမကြုံဖူးလောက်အောင် ကျယ်ပြန့်စွာပေါက်ကွဲမှုများ စက်တင် ဘာလ ၁၇ ရက် မွန်းလွဲပိုင်း ၃ နာရီ ၄၅ မိနစ်ခန့်က စတင်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူကိုးဦး သေဆုံး၍ လူထောင်နှင့်ချီကာ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

တစ်ကြိမ်တစ်ခါမျှမဖြစ်ဘူးသေးသည့် ထိုကဲ့သို့ Pager များ အဆက်မပြတ်ပေါက်ကွဲမှုက ဆီးရီးယားနိုင်ငံအတွင်းတွင်လည်း ဖြစ်ပွားခဲ့ရာ သေကြေမှုများနှင့် လူအများအပြားဒဏ်ရာရမှုများဖြစ်ပွားခဲ့ပြီး ဒေသတစ်ခုလုံး သတိပေးမှုများမြင့်တက်ကာ ကသောင်းကနင်းအခြေအနေဖြစ်ခဲ့ရသည်။

အစ္စရေးက ၎င်း၏စစ်ပွဲအဓိက ရည်မှန်းချက်‌များမှတစ်ခုဖြစ်သော ဟစ်ဇ်ဘိုလာတို့၏ တိုက်ခိုက်မှုများကို ရပ်ဆိုင်းရန် အစီအစဉ်ချခဲ့ကြောင်းနှင့် ဟစ်ဇ်ဘိုလာတို့က အစ္စရေးအငြိမ်းစားတပ်မတော်အရာရှိကြီးတစ်ဦးကို လုပ်ကြံရန်‌ကြိုးစားမှုကိုလည်း ပျက်ပြားစေခဲ့ကြောင်း ကြေညာခဲ့အပြီး နာရီပိုင်းအကြာတွင် ဤသို့ ပေါက်ကွဲမှုများဖြစ်ခဲ့ရခြင်းဖြစ်သည်။

လက်ဘနွန်ကျန်းမာရေးဝန်ကြီး ဖီရားစ် အဘီရတ်က ထိုကဲ့သို့ Pager များပေါက်ကွဲမှုတွင် လူကိုးဦး သေဆုံးကာ ၂,၇၅၀ ဦးဒဏ်ရာရခဲ့ကြောင်း၊ ဒဏ်ရာရသူများအနက် ၂၀၀ ဦးခန့်မှာ ဒဏ်ရာပြင်းထန်ကြောင်း စက်တင်ဘာလ ၁၇ ရက် ညနေပိုင်း သတင်းစာရှင်းပွဲတွင်ပြောခဲ့သည်။ ပေါက်ကွဲမှုများဖြစ်အပြီးတွင် သူနာတင်ယာဉ်များက ဟစ်ဇ်ဘိုလာအဖွဲ့ဝင်များနှင့် အခြားဒဏ်ရာရသူများအား ဆေးရုံများသို့ အဆက်မပြတ်ပို့ပေးနေခဲ့ရကြောင်းလည်းသိရသည်။

ဟစ်ဇ်ဘိုလာအဖွဲ့ ကလည်း လက်ဘနွန်တောင်ပိုင်းတွင်အစ္စရေးတို့၏လေကြောင်းတိုက်ခိုက်မှုများမှ သေဆုံးရမှုများအပါအဝင် အဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့ကြောင်း စက်တင်ဘာလ ၁၇ ရက်က ကြေညာခဲ့ပြီး လက်တုံ့ပြန်တိုက်ခိုက်မှုများပြုသွားမည်ဟု ပြောခဲ့သည်။

သေဆုံးသူများတွင် ဟစ်ဇ်ဘိုလာအဖွဲ့ဝင်တစ်ဦးဖြစ်သည့် လက်ဘနွန်လွှတ်တော်အမတ်တစ်ဦးဖြစ်သော အလီအမ်မာ၏သားလည်း ပါဝင်သည်။ ထို့ပြင် ဆယ်နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးမှာလည်း ဖခင်ဖြစ်သူ ဟစ်ဇ်ဘိုလာအဖွဲ့ဝင်တစ်ဦး၏ဘေးတွင် ရပ်နေခိုက် Pager ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသည်။ လက်ဘနွန်နိုင်ငံဆိုင်ရာ အီရန်သံအမတ် မော့ဂျာဘာ အမါနီ မှာလည်း အနည်းငယ် ဒဏ်ရာရခဲ့ကြောင်း သိရသည်။ သို့သော် ဟစ်ဇ်ဘိုလာအကြီးအကဲ ဟတ်ဆန် နာ့စ်ရာလာမှာမူ ပေါက်ကွဲမှုများတွင် တစ်စုံတစ်ရာထိခိုက်ဒဏ်ရာရမှုမရှိဟု ပြောခဲ့သည်။

ဆီးရီးယားနိုင်ငံတွင်လည်း ထိုကဲ့သို့ Pager များပေါက်ကွဲမှု၌ လူခုနှစ်ဦးသေဆုံးခဲ့ရကြောင်း သတင်းများကဆိုသည်။

ဆိုက်ဘာတိုက်ခိုက်မှုတစ်ရပ် ဖြစ်နိုင်ဖွယ်ရှိသည်ဟုလည်းဆိုကြသည့် အဆိုပါ Pager များပေါက်ကွဲမှု စတင်မဖြစ်မီ အချို့သော ဟစ်ဇ်ဘိုလာအဖွဲ့ဝင်တို့၏ Pager များဆိုလျှင် အပူချိန်အလွန်မြင့်တက်လာသဖြင့် ၎င်းတို့က စွန့်ပစ်ခဲ့ကြသည်ဟုလည်း ဆိုကြသည်။ လက်ဘနွန်နှင့် ဆီးရီးယားတို့တွင် ဤသို့ပေါက် ကွဲမှုများဖြစ်ခဲ့သော ဟစ်ဇ်ဘိုလာအဖွဲ့ဝင်တို့၏ Pagers များက နောက်ဆုံးပေါ်မော်ဒယ်လ်များဖြစ်ကာ မကြာမီလများကမှ ၎င်းတို့အုပ်စုအတွင်း တင်သွင်းခဲ့ခြင်းဟုလည်း ဆိုသည်။

အစ္စရေးဘက်ကမူ ဤကဲ့သို့ ပေါက်ကွဲမှုများနှင့်ပတ်သက်၍ တစ်စုံတစ်ရာပြောကြားခြင်း မပြုခဲ့ကြောင်း သိရသည်။

Ref- The Times of Israel

Leave a Reply

Your email address will not be published. Required fields are marked *