September 19, 2024

၁၈.၉.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ ချောင်းဖျားကျေးရွာတွင် တောင်ကျရေကျဆင်းပြီး မြေပြိုမှုကြောင့် အိမ်ခြေ ( ၉၀) ကျော်ပျက်စီးဆုံးရှုံးခဲ့၍ လက်ရှိအချိန်တွင် အလှူရှင်များလိုအပ်နေကြောင်း သိရသည်။

စက်တင်ဘာလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်း တိုင်ဖွန်းမုန်တိုင်းရာဂီ၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီး၍ ရေကြီးရေလျှံမူများဖြစ်ပေါ်မှုကြောင့် ရမည်းသင်းမြို့နယ်ရှိ ချောင်းဖျားကျေးရွာတွင် မြေပြိုပြီး နေအိမ်များပေါ်သို့ မြေများဖုံးလွှမ်းကာ လူများသေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“အဲ့ဒီရွာတွေက နာဂဒေသထက် လမ်းပန်းဆက်သွယ်ရေးအတော်ဆိုးတယ်။ မြေပြိုနေတဲ့လမ်းတွေဆို အများကြီးပဲ။ အဲ့ဒီ ပြိုနေတဲ့လမ်းကနေမောင်းပြီး ဒီရွာကိုလာရတာ။ တံတားတွေလည်းရှိတယ်။ ချောင်းတွေဆိုလည်း ကျယ်လည်းကျယ်တယ်။ များလည်းများတယ်။ အဲ့ဒီဘက်က ကားတွေဆို ကားအကြီးကြီးတွေနဲ့မှ အစဥ်ပြေမှာ။ အဲ့ဒီရွာတွေက လမ်းခရီးအဆင်မပြေတော့ လှူမဲ့သူတွေ သိပ်မရှိကြဘူး။ မြေပြိုပြီး အိမ်တွေပေါ်ပိတာ ၉၅ အိမ်လောက်ရှိတယ်။ မိသားစုဝင်က ၂၈၀ လောက်ရှိတယ်။ အဲ့ဒီရွာက မီးရတာတောင်မကြာသေးဘူး။ အခုမြေပြိုတော့ မီးမရတော့ဘူး။ အခုလက်ရှိတော့ အဲ့ဒီရွာရဲ့ဘုန်းကြီးကျောင်းမှာ ရေဘေးသင့်တွေကို ထားတယ်။ အခက်အခဲတွေကတော့ အများကြီးပဲ” ဟု ရမည်းသင်းမြို့တွင် နေထိုင်သူတစ်ဦးက MT News သို့ ဖြေကြားသည်။

ထိုသို့ ရေကြီးရေလျှံပြီး မြေပြိုမူကြောင့် ချောင်းဖျားကျေးရွာတွင် သေဆုံးသူလူဦးရေ စုစုပေါင်း (၈) ဦးရှိပြီး၊ လက်ရှိအချိန်တွင် ရုပ်အလောင်း (၃)လောင်းသာတွေ့ပြီး (၅) လောင်းမှာ မတွေ့ရှိသေးကြောင်းလည်း သိရသည်။

Photo – Ashin Kavi Nanda

Leave a Reply

Your email address will not be published. Required fields are marked *