September 19, 2024

MT News
၁၈. ၉. ၂၀၂၄

အိန္ဒိယနိုင်ငံသည် ဒေသတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာလျှင် ပထမဆုံး ကူညီတုံ့ပြန်သည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် တိုင်ဖွန်းမုန်တိုင်း ရာဂီ၏အရှိန်ကြောင့် ရေကြီးရေလျှံမှုဒဏ်ကို ခံစားခဲ့ရသူများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီနှင့် အန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းများပေးအပ်ရာတွင် Operation Sodohay (ချစ်ကြည်ရင်းနှီးမှုအစီအစဉ်) ဖြင့် မြန်မာနိုင်ငံ ပြည်သူများအား ကူညီမှုပေးနိုင်ရန် စတင်လိုက်ပြီး ဆေးဝါး၊ လူသုံးကုန်နှင့် စားသောက်ကုန် ၅၃ တန် ကူညီလှူဒါန်းခဲ့သည်။

ချစ်ကြည်ရင်းနှီးမှုအစီအစဉ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ပစ္စည်းများ စုစုပေါင်း ပစ္စည်းတန်ချိန် (၃၂) တန်အား မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများ အပါအဝင် ရေကြီးရေလျှံမှု ဒဏ်ခံခဲ့ရသည့်ဒေသများတွင် ဖြန့်ဖြူးရန်အတွက် အိန္ဒိယတပ်မတော် (လေ) မှ သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် နေပြည်တော်သို့ ယမန်နေ့က ပို့ဆောင်ခဲ့သည်။ ထို့အပြင် အိန္ဒိယတပ်မတော်(ရေ) မှ စစ်ရေယာဉ် INS Satpura သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအကူအညီ ပစ္စည်းများ စုစုပေါင်း ပစ္စည်းတန်ချိန် (၂၁) တန်အား ဘေးဒဏ်သင့် ဒေသများသို့ ဖြန့်ဖြူးပေးရန်အတွက် ဒုတိယအသုတ်အဖြစ် ရန်ကုန်မြို့သို့ စက်တင်ဘာ ၁၇ ရက်တွင် ပို့ဆောင်ခဲ့သည်။

ထိုသို့ နေပြည်တော်နှင့် ရန်ကုန်မြို့များသို့ ပို့ဆောင်ပေးခြင်းဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ဆိုင်ရာပစ္စည်းများကို ပိုမိုထိရောက်၊ ပိုမိုမြန်ဆန်စွာနှင့် ပိုမိုနီးကပ်စွာ ပို့ဆောင်ကူညီနိုင်မည်ဖြစ်သည်။

လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီနှင့် သဘာဝဘေးကယ်ဆယ်ရေး အကူအညီ ပစ္စည်းများအားလုံးသည် ထိခိုက်ခံစားရသော ဒေသအသီးသီးနှင့် လူမှုအသိုက်အဝန်း အသီးသီးများထံသို့ ချက်ချင်း ဖြန့်ဝေရန်အတွက်ဖြစ်ပြီး အိန္ဒိယတပ်မတော် (ရေ) မှ သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် ပထမဆုံးသယ်ဆောင်လာသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းများအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Abhay Thakur မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်ထံသို့ စက်တင်ဘာ ၁၇ ရက်က နေပြည်တော်လေဆိပ်တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့အပြင် အိန္ဒိယတပ်မတော် (ရေ)မှ စစ်ရေယာဉ် INS Satpura ဖြင့် ဒုတိယသုတ်သယ်ဆောင်လာသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Abhay Thakur မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းထံသို့ သီလဝါဆိပ်ကမ်းတွင် လွှဲပြောင်းပေးအပ်ခဲ့သည်။

ကူညီတယ်ဆယ်ရေးပစ္စည်းများတွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများဖြစ်သည့် မရှိမဖြစ်လိုအပ်သော ပစ္စည်းများပါဝင်သည့် သေတ္တာများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းသေတ္တာများတွင် ဆေးဝါး၊ အစားအသောက်၊ မီးဖိုချောင်သုံး ပစ္စည်းကိရိယာများ၊ အဝတ်အထည်များ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများ၊ ရွက်ဖျင်တဲများ၊ ခြင်ထောင်များ၊ ဆိုလာမီးအိမ်များနှင့် ရေသန့်စင်ရေး ပစ္စည်းများ ပါဝင်သည်။

ဆေးဘက်ဆိုင်ရာပစ္စည်းများတွင် ရှေးဦးသူနာပြုပစ္စည်းများ၊ ပဋိဇီဝဆေးများ၊ ဓာတ်မတည့်ခြင်းအား ကုသသောဆေးများ၊ အကိုက်အခဲပျောက်ဆေးများ၊ အဖြစ်များသော ကူးစက်ရောဂါများအတွက် သွေးကြောသွင်းအရည်များ ပါဝင်သည်။ လွှဲပြောင်းပေးအပ်သည့် စားသောက်ကုန်များမှာ ခေါက်ဆွဲခြောက်၊ ဆန်၊ နို့မှုန့်၊ သောက်ရေ၊ အသင့်စား အစားအစာများ၊ စွမ်းအင်မြင့် ဘီစကွတ်ထုတ်များ၊ သက်စောင့်ဓာတ်များပါဝင်သည့်အစားအစာ၊ စားသုံးဆီ၊ သကြား၊ ငါးသေတ္တာ၊ စည်သွပ်ဘူးများ လက်ဖက်ခြောက်၊ ဆားနှင့် ဟင်းခတ်အမွှေးအကြိုင်များ ပါဝင်သည်။ လူသုံးကုန်ပစ္စည်းများမှာ ခြင်ထောင်များ၊ တာပေါ်လင်၊ ရွက်ဖျင်တဲများ၊ အရောင်ချွတ်ဆေးမှုန့်၊ ပိုးသတ်ဆေးရည်၊ ဆပ်ပြာများ၊ ဆပ်ပြာမှုန့်များ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ အမျိုးသမီးသုံးပစ္စည်းများ၊ ချိုင်းထောက်များ၊ ဘီးတပ်ကုလားထိုင်များ၊ လွှကြီးများ၊ ရေငုပ်ပစ္စည်းကိရိယာများ၊ မျက်နှာသုတ်ပဝါများ၊ ရှပ်အင်္ကျီများ၊ စောင်များ၊ ခြေညှပ်ဖိနပ်များ၊ ဆီတိုင်ကီများ၊ ဆိုလာမီးအိမ်များ၊ ခရီးဆောင်မီးစက်များနှင့် ရေစုပ်စက်များဖြစ်သည်။

Operation Sadhay (ချစ်ကြည်ရင်းနှီးမှုအစီအစဉ်) သည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံကြား ခိုင်မြဲသော ချစ်ကြည် ရင်းနှီးမှုကိုပြသသည့် သက်သေဖြစ်ပြီး လိုအပ်သည့်အချိန်တိုင်းတွင် မြန်မာပြည်သူများအပေါ် အိန္ဒိယနိုင်ငံ၏ ခိုင်မြဲသော ကူညီမှုကို ထင်ဟပ်စေသည်ဟုလည်း အိန္ဒိယသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *